ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာအုပ်စု၊ အလယ်ကုန်းရွာ အနောက်ဘက်တစ်နေရာတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းကို ဇန်နဝါရီလ ၁၈ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများက ဝင်ဖမ်းကြောင်း ရွာသားများက ပြောသည်။
လောင်းကစားဝိုင်း ဝင်ဖမ်းစဥ် လောင်းကစားပြုလုပ်နေသူနှင့် ကစားဝိုင်အနီးရှိနေသူ အမျိုးသား ၁၇ ဦး ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။
ဖမ်းဆီးခံရပြီးနောက် ငွေကြေးဖြင့်ညှိနှိုင်းကာ ဖမ်းဆီးခံရသူ ၁၇ ဦးစလုံး ပြန်လွှတ်ခဲ့ကြောင်း ဖြစ်စဥ်အားသိရှိသည့် ရွာသားတစ်ဦးက ပြောဆိုသည်။
“အဖမ်းခံရသူတွေက လူကြီးတွေ (သက်ကြီးပိုင်း) များတယ်။ ပိုက်ဆံနဲ့ညှိပြီး နေ့ချင်းပြီး ပြန်လွတ်လာပြီ” ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့အဝင် ကျောက်ရပ်ရွာ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများ နှင့် ပျူစောထီးများက လောင်းကစားဝိုင်းသို့ ကားဖြင့်လာရောက်ကာ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းကစားဝိုင်းတွင် ဖမ်းဆီးခံရသူများကို စစ်အာဏာရှင်တပ်က ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင် လာပြီး ငွေကြေးဖြင့်ညှိနှိုင်းကာ ပြန်လွှတ်လိုက်ကြောင်း ကျောက်ရပ်ရွားသားတစ်ဦးက ဆိုသည်။
“ဖမ်းလာပြီးတော့ တပ်ထဲကို မခေါ်သွားတော့ဘူး။ ဂိတ်မှပဲ တစ်ခါတည်း ရှင်းလိုက်တယ်။ ရွာလူကြီးနဲ့ ညှိကြတယ်။ တစ်ယောက်ကို ငါးသိန်း (ကျပ်) တောင်းတာ။ အများနဲ့ညှိလိုက်တာ သုံးသိန်းစီနဲ့ ပြန်လွှတ်ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း ကနိုင်းဒါရွာတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်းက ဝင်ဖမ်းခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။
ယခုနှစ် နတ်ပွဲရာသီဖြစ်သည့် နတ်တော်လ၊ ပြာသိုလ(ဒီဇင်ဘာ ၊ ဇန်နဝါရီလ) များတွင် နတ်ပွဲများ၌ လောင်းကစားဝိုင်းများ ကျင်းပကြသည့်အပြင် ရက်ရှည်လောင်းကစားဝိုင်းအချို့လည်း ထားဝယ်ခရိုင်အတွင်း ပြန်ရှိလာကြောင်း စုံစမ်းသိရှိရသည်။
ယင်းလောင်းကစားဝိုင်းများသည် စစ်အာဏာရှင်တပ်လက်လှမ်းမိသည့် နေရာများအပြင် တော်လှန်ရေးအင်အားစု လှုပ်ရှားသည့် နယ်မြေများ၌ပါ ရှိနေပြီး အရေးယူဟန့်တာနိုင်ခြင်း မရှိကြသဖြင့် ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။







