ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် ခလရ ၁၀၄ တပ်ရင်းကို ဒရုန်းဖြင့်တိုက်ခိုက်

January 19, 2026

လောင်းလုံးမြို့နယ်၊ ထာဝယ်-မောင်းမကန်လမ်းပိုင်းရှိ တောရှည်ကျေးရွာတွင် အခြေစိုက် ခလရ ၁၀၄ စစ်အာဏာရှင်တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း ခရီးသွားဒေသခံများက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၉ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ပေါက်ကွဲသံ နှစ်ချက်ကြားရတယ်” ဟု ခရီးသွားဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းနောက် ခြေလျင်တပ်ရင်း ခလရ ၁၀၄ အနီး ထားဝယ်-မောင်းမကန်လမ်းပိုင်းကို စစ်‌အာဏာရှင်တပ်က ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှစ၍ ခရီးသည်များ ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။

မည်သည့် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်သည်နှင့် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ အခြေအနေတို့ကိုမူ မသိရသေးပေ။

ဇန်နဝါရီလ ၂၅ ရက်တွင် စစ်ကောင်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၃ တွင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ ခုနှင့် မြို့ပေါ်ရပ်ကွက် ၄ ခုတို့တွင် ကျင်းပမည်ဖြစ်သည်။

ခလရ ၁၀၄ အနီးရှိ စခန်းကြီးကျေးရွာအုပ်စုနှင့် ကမြောကင်းကျေးရွာအုပ်စုတို့လည်း ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာအုပ်စုတို့တွင် ပါဝင်နေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်ကလည်း ခလရ ၁၀၄ တပ်ရင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ စခန်းကြီးကျေးရွာအတွင်းကျရောက်ပြီး ဆယ်ကျော်သက်တစ်ဦး လက်နက်ကြီး ကျည်စထိမှန် သေဆုံးခဲ့သည်။