ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် ထရမ့်၏ ဖိတ်ကြားချက် ကမ္ဘာ့နိုင်ငံများသတိထား တုံ့ပြန်

January 19, 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့’(Board of Peace) တွင် ပါဝင်ရန် ဖိတ်ကြားချက်အပေါ် နိုင်ငံတကာအစိုးရများက ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သတိထားတုံ့ပြန်ခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထရမ့်အစိုးရ၏ ဖိတ်ကြားစာတွင် ဖွဲ့စည်းပုံပဋိညာဉ်တစ်ရပ် ထည့်သွင်းထားခြင်းက ကုလသမဂ္ဂ၏ လုပ်ငန်းများကို ထိပါးလာနိုင်ပြီး ယင်းမှာဥရောပအစိုးရအချို့အကြား စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

အဆိုပါ ‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့’ သည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်ကြောင်း ထရမ့်က ဆိုသည်။

သို့သော် ယင်းအစီအစဉ်သည် ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံတကာသံတမန်များက ပြောဆိုကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့’တွင် ပါဝင်ရန် ထရမ့်အစိုးရက နိုင်ငံပေါင်း ၆၀ ဝန်းကျင်ထံသို့ ဖိတ်ကြားစာများ ပေးပို့ခဲ့ရာ စနေနေ့တွင် ဥရောပမြို့တော်များသို့ စတင်ရောက်ရှိလာခဲ့သည်။

အဆိုပါ ဖိတ်ကြားချက်ကို ထရမ့်နှင့် နီးကပ်သည့် မဟာမိတ် ဟန်ဂေရီနိုင်ငံတစ်ခုတည်းကသာ ပြတ်ပြတ်သားသား လက်ခံထားပြီး အခြားသော နိုင်ငံတကာအစိုးရများကမူ အဆိုပါ ဖိတ်ကြားချက်နှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေပုံရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အဆိုပါ ဖိတ်ကြားချက်ကြောင့် ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်လာနိုင်ခြေနှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို အမည်မဖော်ဘဲ ထုတ်ဖော်ပြောဆိုခဲ့ကြကြောင်း သတင်းတွင်ဖော်ပြသည်။

အဆိုပါ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တစ်သက်တာဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဂါဇာပဋိပက္ခကို ဦးစွာကိုင်တွယ်ဖြေရှင်းပြီးနောက် အခြားသော နိုင်ငံတကာ ပဋိပက္ခများကိုလည်း ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည်ဟု ထရမ့်အစိုးရက ပေးပို့သည့် ဖိတ်ကြားစာတွင် ဖော်ပြပါရှိသည်။

အဖွဲ့ဝင်နိုင်ငံများသည် သုံးနှစ်သက်တမ်းသာ ဆောင်ရွက်ခွင့်ရှိမည်ဖြစ်ပြီး ဘုတ်အဖွဲ့၏ လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်ပါက အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“ဒါဟာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်မယ့် မိတ်ဖက်နိုင်ငံတွေကို အမြဲတမ်းအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းတာသာ ဖြစ်ပါတယ်” ဟု အိမ်ဖြူတော်က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီကက အဆိုပါ ဘုတ်အဖွဲ့တွင် ပါဝင်ရန် အသင့်ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့သော် မီလိုနီအနေဖြင့် ဂါဇာအရေးအပြင် ပိုမိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေးအစီအစဉ်ကိုပါ ရည်ညွှန်းပြောဆိုခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းရန် လိုအပ်နေသေးသော်လည်း ဂါဇာအရေးအတွက် ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် မူအားဖြင့် သဘောတူညီကြောင်း ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် လုပ်ပိုင်ခွင့်အာဏာတစ်ရပ်ကို အတည်ပြုပေးခဲ့သည်။

သို့သော် ယင်းလုပ်ပိုင်ခွင့်အာဏာမှာ ၂၀၂၇ ခုနှစ်အထိသာ သတ်မှတ်ထားပြီး ဂါဇာပဋိပက္ခတစ်ခုတည်းကိုသာ အဓိကထားခြင်း ဖြစ်သည်။

ဗီတိုအာဏာကိုင်စွဲထားသည့် ရုရှားနှင့် တရုတ်နိုင်ငံတို့က အဆိုပါ ဆုံးဖြတ်ချက်သည် ဂါဇာ၏အနာဂတ်တွင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားကြောင်း ဝေဖန်ကာ မဲမပေးဘဲ နေခဲ့ကြသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခများကို အဆုံးသတ်ရန် ၎င်း၏ ကြိုးပမ်းမှုများကို ကုလသမဂ္ဂက ကူညီခြင်းမရှိဟု စွပ်စွဲထားသည်။

Source: Reuters