နိုင်ငံကူးလက်မှတ်မရှိသော မြန်မာအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ဖြင့် ထိုင်းနိုင်ငံအတွင်း ဖုန်းဆင်းကတ်များ ပြန်လည်ဝယ်ယူ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း Bangkok Post သတင်းဌာနက ဇန်နဝါရီလ ၁၈ ရက်တွင် ဖော်ပြသည်။
ဖုန်းဆင်းကတ် မှတ်ပုံတင်ရာတွင် နိုင်ငံကူးလက်မှတ်မရှိသေးသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် ယာယီခရီးသွားခွင့် လက်မှတ်ကဲ့သို့ အခြားအထောက်အထား စာရွက်စာတမ်းများကို ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ဆိုသည်။
ထိုင်းနိုင်ငံသား မဟုတ်သူများနှင့် နိုင်ငံသားမှတ်ပုံတင်ကတ် မရှိသူများ၏ အခွင့်အရေးများကို ပိုမိုကောင်းမွန်အောင် မြှင့်တင် ပေးလိုသော ရည်ရွယ်ချက်ဖြင့် ထပ်တိုးခွင့်ပြုပေးခြင်းဖြစ်ကြောင်း ထိုင်းအမျိုးသားရုပ်သံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ၏ ဒုတိယအထွေထွေအတွင်းရေးမှူး Trairat Viriyasirikul က ပြောသည်။
ယခင်က နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စ်) ဖြင့်သာ ထိုင်းနိုင်ငံအတွင်း ဖုန်းဆင်းကတ်ဝယ်ယူပြီး မှတ်ပုံတင်ခွင့်ပြုထားခြင်း ဖြစ်သည်။
စည်းမျဉ်းအသစ်အရ ထိုင်းဆင်းကတ် မှတ်ပုံတင်ရာတွင် မြန်မာအလုပ်သမားများသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI စာအုပ်) နှင့် ကမ္ဘောဒီးယားအလုပ်သမားများက ခရီးသွားခွင့်အထောက်အထားစာအုပ်များ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖုန်းဆင်းကတ်ကို CI စာအုပ်ဖြင့် မှတ်ပုံတင်ခွင့်ပြုမည့်ကိစ္စနှင့် ပက်သက်၍ Datc မြန်မာအော်ပရေတာထံသို့ Dawei Watch က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ လက်ရှိတွင် ခွင့်ပြုပေးခြင်း မရှိသေးကြောင်း Dtac မြန်မာဝန်ထမ်းက ပြန်လည် ဖြေကြားသည်။
“ကျွန်တော်တို့ဘက်က မကြေညာသေးပါဘူး။ CI စာအုပ်နဲ့လည်း ဆင်းကတ်ဝယ်လို့ မရသေးပါဘူး။ မှတ်ပုံတင်ခွင့်လည်း မပြုသေးပါဘူး” ဟု ၎င်းက ပြောဆိုသည်။
ယခင်က 7-Eleven ကဲ့သို့ စတိုးဆိုင်များတွင် မြန်မာအလုပ်သမားများသည် CI စာအုပ်ဖြင့် ဖုန်းဆင်းကတ် ဝယ်ယူခွင့် မရကြသဖြင့် မြန်မာအလုပ်သမားများအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။
ပြီးခဲ့သောနှစ် ဩဂုတ်လမှစ၍ နိုင်ငံကူးလက်မှတ်ဖြင့်သာ ဆင်းကတ်မှတ်ပုံတင်ရမည်၊ မျက်နှာ စကင်ဖတ်ရမည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသော စည်းမျဉ်းအသစ်များကြောင့် မြန်မာအလုပ်သမားအများစုသည် CI စာအုပ်ဖြင့် ဖုန်းဆင်းကတ် ဝယ်ယူခွင့် မရခဲ့ကြခြင်းဖြစ်သည်။







