ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တက္ကသိုလ်တွင် ယခုနှစ် နေ့သင်တန်းဘွဲ့ယူသူလျော့နည်း၊ အဝေးသင်ဘွဲ့ယူသူများလာ

January 19, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်တက္ကသိုလ်တွင် ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပြုလုပ်ခဲ့သည့် ဘွဲ့နှင်းသဘင်၌ နေ့သင်တန်းဘွဲ့ယူသူ ယမန်နှစ်ထက်လျော့နည်းပြီး အဝေးသင်ဘွဲ့ယူသူ ပိုများလာကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

နေ့သင်တန်းဘွဲ့များအတွက် ၂၂ ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကို ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

“အားလုံး (နေ့သင်တန်း ဘွဲ့ယူရန်လာသူ) ငါးဆယ်ဝန်းကျင်ရှိတယ်။ မေဂျာအလိုက်ဘွဲ့သက်သက်က နှစ်ဆယ်ကျော်ပဲ။ ကျန်တာက အသစ်ထပ်ဖွင့်ထားတဲ့ ဥပဒေဒီပလိုမာအတန်းက ဒီပလိုမာယူသူတွေ၊ အခုနှစ်ဘွဲ့ယူတဲ့အသုတ်က အာဏာသိမ်းပြီး ကျောင်းပြန်ဖွင့်တာနဲ့ ပထမနှစ်စတက်တဲ့ သူတွေများတယ်” ဟု ထားဝယ်တက္ကသိုလ် ကျောင်းသား ရေးရာဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က ထားဝယ်တက္ကသိုလ်တွင် နေ့သင်တန်းဘွဲ့ယူသူ ၆၄ ဦးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကမူ နေ့သင်တန်းဘွဲ့ယူသူ ၇၅ ဦး ရှိခဲ့ကြောင်း ကျောင်းမှတ်တမ်းများအရ သိရသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှစတင်ကာ ထားဝယ်တက္ကသိုလ်တွင် ကျင်းပခဲ့သည့် အဝေးသင်ဘွဲ့နှင်းသဘင်ကိုမူ ယခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ်ကျင်းပခဲ့ပြီး ဘွဲ့တက်ရောက်ယူခဲ့သူ သုံးရာကျော်ရှိကြောင်း တက္ကသိုလ်ပညာရေး အသိုင်းအဝိုင်းက ပြောပြသည်။

အဝေးသင်ဘွဲ့နှင်းသဘင်ကို ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းတွင် ပြုလုပ်သည်။

“ညနေပိုင်း အခမ်းအနားမှာ (အဝေးသင်ဘွဲ့နှင်းသဘင်) ဘွဲ့လာယူသူ သုံးရာကျော်တယ်။ ကျင်းပခဲ့သမျှ လေးကြိမ်ထဲ အခုနှစ် အဝေးသင်ဘွဲ့ယူသူ အများဆုံးနှစ်ပဲ” ဟု ထားဝယ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ကျောင်းပြန်ဖွင့်သည့် ၂၀၂၂ နှင့် ၂၀၂၃ ပညာသင်နှစ် ၂ နှစ်စာ ပေါင်းပေးသည့် ထားဝယ်တက္ကသိုလ် ဘွဲ့ နှင်းသဘင်တွင်မူ နေ့သင်တန်းနှင့် အဝေးသင် ဘွဲ့ယူသူ နှစ်ရာခန့် ရှိခဲ့သည်။

ဘွဲ့နှင်းသဘင် ကျင်းပစဥ် စစ်အာဏာရှင်တပ်က လုံခြုံရေးယူထားခြင်းမျိုး မရှိသော်လည်း ကျောင်းဝင်းအတွင်း ဆက်သွယ်ရေးဖြတ်တောက်ကိရိယာ (ဂျမ်မာ) တပ်ဆင်ထားသည့် ကားနှင့် မီးသတ်ကားများ နေရာယူထားသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရသူများက ပြောဆိုသည်။

ထားဝယ်တက္ကသိုလ်တွင် အာဏာသိမ်းပြီးကတည်းက နေ့သင်တန်းဝင်ခွင့်လျှောက်ထားသူ ဆက်တိုက်လျှော့ကျနေကြောင်း တက္ကသိုလ်ကျောင်းသားနှင့် ဆရာ၊ ဆရာမများက ပြောသည်။

၂၀၂၄ ခုနှစ်တွင် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လက်ရှိကျောင်းသားဖြစ်ပါက ကင်းလွတ်ခွင့်ရနိုင်သည်ဟု ပြဋ္ဌာန်း ချက်ကြောင့် အဝေးသင်သင်တန်းအတွက် ကျောင်းပြန်အပ်သူများလာပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ၌ ဘွဲ့လို အပ်ချက်ကြောင့်လည်း မဖြစ်မနေဘွဲ့တစ်ခု ယူရန်ပြန်လည် တက်ရောက်ရသည်လည်းရှိကြောင်း ကျောင်းသားအသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။

ထားဝယ်တက္ကသိုလ်သည် ထားဝယ်မြစ်တစ်ဖက်ကမ်း လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာတွင် တည်ရှိပြီး ထားဝယ်မြို့မှ တက္ကသိုလ်သို့သွားသည့်လမ်းတွင် စစ်မှုထမ်းစုဆောင်းရာတွင် နာမည်ကျော်သော ကမြောကင်းတံတား စစ်အာဏာရှင် စစ်ဆေးရေးဂိတ်လည်း တည်ရှိသည်။