သရက်ချောင်းမြို့နယ်တွင် ပျောက်ဆုံးနေသည့် CDM ကျောင်းဆရာမတစ်ဦး၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၁၅ ရက်တွင် ပြန်လည်တွေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။
အသက် ၄၈ နှစ်ခန့်အရွယ် ဒေါ်စံပယ်သည် ဆင်ကျန်းရွာက အလယ်တန်းပြဆရာမဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် CDM ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သရက်ချောင်းမြို့နယ်က CDM ဆရာမတစ်ဦးက ဆိုသည်။
ဆင်ကျန်းရွာရှိ အမျိုးများ၏ အိမ်တွင် သားသမီးနှစ်ဦးကို အပ်နှံထားပြီး ၎င်းတို့ဇနီးမောင်နှံမှာ ဗျက်ဝိသားကျေးရွာ ဥယျာဉ်ခြံတွင် နေထိုင်လုပ်ကိုင်စားသောက်နေကြောင်း ၎င်းက ပြောဆိုသည်။
ခင်ပွန်းဖြစ်သူမှာ စမ်းလှမ်းရွာဘက်ကို ငါးဖမ်းလှေလိုက်သွားချိန် တစ်ဦးတည်း ကျန်ခဲ့သည့် ဆရာမဒေါ်စံပယ်သည် ဒီဇင်ဘာလ ၁၃ ရက်တွင် ပျောက်ဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ယင်းနောက် ခင်ပွန်းဖြစ်သူနှင့် ဆွေမျိုးမိတ်ဆွေများက လိုက်လံရှာဖွေရာ ဒီဇင်ဘာ ၁၅ ရက်တွင် ဗျက်ဝိသားကျေးရွာအနီးက မင်းသားချောင်းစပ်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“အလောင်းပြန်တွေ့တယ်ဆိုတာပဲ သိတယ်။ အသတ်ခံရတာလား ရေနစ်သေတာလားဆိုတာတော့ မသိဘူးပေါ့နော်။ အိမ်ကနေ ပျောက်သွားလို့ လိုက်ရှာမှ ရေချောင်းစပ်မှာ ပုပ်ပွသေဆုံးနေတာကိုတွေ့တာတဲ့။ ရင်ဘတ်မှာတော့ ခြစ်ရာ ရှရာတွေ တွေ့တယ်လို့ပြောတယ်” ဟု သရက်ချောင်းမြို့နယ်က CDM ကျောင်းဆရာမတစ်ဦးက ပြောဆိုသည်။
ဆရာမ ဒေါ်စံပယ် သေဆုံးသည့်အကြောင်းအရင်းကို သေသေချာချာ မသိရသေးပေ။
ဆရာမ ဒေါ်စံပယ်တို့ နေထိုင်သည့် ဗျက်ဝိသားရွာ ဥယျာဉ်ခြံတွင်းက နေအိမ်သည် အခြားအိမ်များနှင့် အနည်းငယ် အလှမ်းဝေးပြီး ခင်ပွန်းဖြစ်သူ လှေထွက်သွားချိန် ဆရာမတစ်ဦးတည်းကျန်ခဲ့တာဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။







