ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ကမ်းတိုရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

December 18, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာတွင် အမျိုးသားတစ်ဦး ရော်ဘာခြစ်ပြီး အိမ်သို့ပြန်လာစဉ် လမ်းတွင် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၈နာရီတွင် ကမ်းတိုရွာသား အသက်၄၄နှစ်အရွယ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။

“ကော်ပတ် (ရော်ဘာ) ခြစ်ရာကနေ အိမ်ကို အပြန်မှာဖြစ်သွားတယ်။ ခြေပြတ်သွားပြီး ခန္ဓာကိုယ်မှာ ကအစတွေ စင်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအမျိုးသားကို မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ကမ်းတိုရွာဘက်ကို စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးပြီးနောက် အောက်တိုဘာလ ၄ ရက်တွင် စစ်ကြောင်း ပြန်ဆုတ်ရာ လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ခြေနင်းမိုင်းတွေကို တော်လှန်ရေးတပ်တွေက လာ‌ရောက်ဖော်ဆောင်သွားပေမယ့် (အခုနင်းမိတာ) ကျန်နေတဲ့မိုင်းတွေ ဖြစ်နိုင်တယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။

အောက်တိုဘာလ ၃ရက်က ကမ်းတိုရွာဟောင်းဘက်သို့ စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။