ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းမှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် အနီးဝန်းကျင်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစပြီး နှစ်ဖက်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
“တိုက်ပွဲဖြစ်နေတယ်။ ၁၂နာရီကျော်လောက်ကတည်းက လက်နက်ငယ်သံတွေ အရင်ထွက်လာတယ်။ ပြီးမှ (စစ်အာဏာရှင်တပ်) သူတို့ဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
တိုက်ပွဲအတွင်း ဇဟာကျေးရွာရှိ စစ်အာဏာရှင်တပ်၏ အမှတ် ၃၀၂ အမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ယနေ့ ညနေ ၃ နာရီခွဲအထိ အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံအခြားတစ်ဦးက ပြောဆိုသည်။
လက်နက်ကြီးကျည်အချို့မှာလည်း မောင်မယ်ရှောင်ကျေးရွာပတ်လည်တွင် ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ဘာဖြစ် (ဘာတွေထိခိုက်) မှန်းတော့ မသိဘူး။ ပတ်လည်တော့ကွဲနေတာပါပဲ” ဟု ၎င်းက ပြောသည်။
မွန်းလွဲပိုင်းမှ စ၍ ညနေ ၃ နာရီခွဲအထိ ထားဝယ်-ရေဖြူလမ်းပိုင်းတွင် ခရီးသွားဒေသခံအချို့ လမ်းတွင် ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုသီတင်းပတ်အတွင်း ရေဖြူမြို့ရှိ ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ပြီးနောက် မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ဟားလီးကွေ့ အနီးတို့တွင် စစ်အာဏာရှင်တပ်သား များစွာ နေရာယူထားသည်ကို တွေ့ရှိရကြောင်း ခရီးသွားဒေသခံများက ပြောဆိုသည်။







