ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်အနီး လူကူးခုံးကျော်တံတား ပြိုကျမှု ကားသမား တစ်ဦးသေပြီး ၂ ဦး ဒဏ်ရာရ

December 18, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် လူကူးခုံးကျော်တံတားကို ကားနောက်ပိုင်း (Dump Body) ကို ထောင်၍ မောင်းလာသော ကုန်တင်ကားက ဝင်တိုက်မိသဖြင့် တံတားပြိုကျပျက်စီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခန့်က ဘန်ဘိုနယ်မြေ ဘန်ဖလီနွိုင်ဒေသရှိ လူကူးခုံးကျော်တံတားကို ကားဘော်ဒီကို မချဘဲ ထောင်၍မောင်းလာသော ကုန်တင်ကားက ဝင်တိုက်ခဲ့သဖြင့် တံတားကျိုးကျခဲ့ခြင်းဖြစ်သည်။

တံတားသည် ကုန်တင်ကားနှင့် အနီးရှိ ကြက်ဥတင်လာသော ပစ်ကပ်ကားပေါ်သို့ ပြိုကျခဲ့သဖြင့် ပစ်ကပ်ကားသမားမှာ နေရာတွင်ပင် သေဆုံးခဲ့သည်။

နောက်ထပ် ကားမောင်းသမားသည် ကားထဲတွင် ၂ နာရီကြာ ပိတ်မိနေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ကရိန်းနှင့် ဖြတ်စက်များ အသုံးပြု၍ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည်။

ကုန်တင်ကားမောင်းသမားမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး‌ နောက်ထပ်တစ်ဦးလည်း တံတားပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။

လက်ရှိတံတားပြိုကျ‌သော လမ်းပိုင်းကို ပိတ်ထားပြီး အခြားလမ်းပိုင်းကို အသုံးပြုရန် ညွှန်ကြားထားသည်။

Ref: Thai Enquirer, Khaosod English, Bangkok Post