ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပိတ်ရတော့မည်ဆိုသော မြိတ်မြို့က အခမဲ့ဆေးခန်း နေရာသစ်ပြောင်း၍ ဆက်ဖွင့်မည်

December 18, 2025

ဓာတ်ပုံ - Tin Soe Moe (Facebook)

နေရာအခက်အခဲကြောင့် ပိတ်သိမ်းရမည့် အခြေအနေဖြစ်နေသည့် မြိတ်မြို့ရှိ အခမဲ့ဆေးခန်းကို Smile World ကစားကွင်းနေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆေးခန်းဦးဆောင်သူ ဒေါက်တာတင်စိုးမိုးထံမှ သိရသည်။

မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာက စတင်ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်း တည်ရှိရာအဆောက်အအုံကို ပိုင်ရှင်ကပြန်လည်ရယူမည်ဖြစ်၍ ပိတ်ရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါဆေးခန်းအတွက် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အဆောက်အအုံအား ပိုင်ရှင်များက ကာလရှည်ကြာ အခမဲ့ငှားရမ်းပေးထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အလှူရှင်များရှိလာပြီဖြစ်သည့်အတွက် လာမည့်လ (၂၀၂၆ ဇန်နဝါရီ)ကစပြီး ရေပုန်းရပ်ကွက်၊ ရွှေဘုံသာကျောင်းလမ်းရှိ Smile World ကစားကွင်းနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ တင်စိုးမိုးက ပြောသည်။

“ဆိုင်ခန်းနှစ်ခန်းကို တစ်ဆက်တည်းလုပ်ပြီး (ဆေးခန်းအဖြစ်)သုံးမယ် အခမဲ့ပေးသုံးတာ။ မီးဖိုးရေဖိုးပါ အဆင်ပြေအောင်လုပ်ထားပေးတယ်။ အဓိကကတော့ ဒေသအတွင်းမှာရှိတဲ့ စေတနာရှင်တွေက ထောက်ပံ့ပေးတာ ပေါ့နော်” ဟု ၎င်းက ဆိုသည်။

ဆေးခန်းကို ပုံမှန်အတိုင်း အပတ်စဥ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒေါက်တာ တင်စိုးမိုးအအပါအဝင် ဆရာဝန်သုံးဦးက အလှည့်ကျ ကုသပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆေးခန်းတာဝန်ရှိသူများ ထံမှ သိရသည်။

လက်ရှိတွင် ဆေးခန်းကို မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်နေသော်လည်း နေရာအသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်သည့်အချိန်တွင် မြန်မာနိုင်ငံဆရာဝန်အသင်းက ဦးဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ တင်စိုးမိုးက ပြောသည်။

“ကျွန်တော်က ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ၃နှစ် တာဝန်ယူထားတာ။ အခုချိန်မှာက သက်တမ်းလည်း ပြည့်ခါနီးပြီဆိုတော့ ကြက်ခြေနီအသင်းခေါင်းစဥ်ကနေ မြန်မာနိုင်ငံဆရာဝန်အသင်း ခေါင်းစဥ်ပြောင်းလိုက်မှာ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆေးခန်းတွင် ဆေးခန်းစတင်ဖွင့်လှစ်ချိန်မှ ယခုနှစ် အောက်တိုဘာလကုန်အထိ သုံးနှစ်ခန့်အတွင်း လူနာအရေအတွက် နှစ်သောင်းခွဲကျော်အထိ ကုသပေးခဲ့ကြောင်း ဆေးခန်းတာဝန်ရှိသူများထံမှ သိရသည်။

တစ်ရက်လျှင် လာရောက်ကုသမှုခံယူသည့် လူနာဦးရေ ပျမ်းမျှ ၁၂၀ ခန့်ရှိပြီး အခမဲ့ဆေးကုသပေးသည့်အပြင် မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများကိုလည်း အခမဲ့ထောက်ပံ့ပေးကြောင်း ဒေါက်တာ တင်စိုးမိုးက ပြောသည်။

ဆေးခန်းတွင် ဆီးချို၊ သွေးတိုးကဲ့သို့သော နာတာရှည်လူနာများ လာရောက်ကုသမှုများပြီး မြိတ်မြို့ခံများအပြင် မြိတ်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများလည်း လာရောက်ကုသမှုခံယူကြကြောင်း အထက်ပါဆေးခန်းထံမှ သိရသည်။