ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်ဝမ်အတွက် ဒေါ်လာ ၁၁ ဘီလီယံကျော်ဖိုး လက်နက်ပံ့ပိုးမှု ကန် သဘောတူ

December 18, 2025

Photo - Reuters

တရုတ်၏ စစ်ရေးအရဖိအားပေးမှုများကို ခံနေရသည့် ထိုင်ဝမ်ကျွန်းအတွက် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှုအစီအစဉ်ကို အမေရိကန်ပြည်ထောင်အစိုးရက ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် သဘောတူလိုက်သည်။

ယခုလက်နက်အရောင်းအဝယ်မှာ ထိုင်ဝမ်အတွက် အမေရိကန်သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လက်နက်ပံ့ပိုးမှု အစီအစဉ်လည်း ဖြစ်သည်။

ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးနှင့် သံတမန်ရေးအရ ဖိအားပေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် ယခု လက်နက်အရောင်းအဝယ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်ဝမ်ကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုမှုများကို ထိုင်ဝမ်ဘက်က ငြင်းပယ်လျက် ရှိသည်။

ယခု လက်နက်ရောင်းချမှုတွင် HIMARS ဒုံးကျည်စနစ်များ၊ ဟောင်ဝစ်ဇာအမြောက်များ၊ Javelin တင့်ကားဖျက် ဒုံးကျည်များ၊ Altius အမျိုးအစား လေဟုန်စီးတိုက်ခိုက်ရေးဒရုန်းများ နှင့် အခြားစစ်လက်နက်ပစ္စည်း၊ အပိုပစ္စည်းများအပါအဝင် စုစုပေါင်း အမျိုးအမည် ရှစ်မျိုး ပါဝင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ရဲ့ လုံလောက်တဲ့ ကိုယ်တိုင်ကာကွယ်နိုင်စွမ်းအားကို ဆက်လက်ကူညီ ပေးနေသလို၊ ကြိုတင်ဟန့်တားနိုင်စွမ်းရှိတဲ့ အင်အားတစ်ရပ်ကို လျင်မြန်စွာ တည်ဆောက်နိုင်ဖို့နဲ့ ဘက်မညီစစ်ဆင်ရေး (asymmetric warfare) အားသာချက်တွေကို အသုံးချနိုင်ဖို့ ပံ့ပိုးပေးနေပါတယ်။ ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ လက်နက်ရောင်းချမှုအစီအစဉ်မှာ လက်ရှိတွင် အမေရိကန်ကွန်ဂရက်လွှတ်တော်သို့ အကြောင်းကြား တင်ပြသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ကွန်ဂရက်လွှတ်တော်အနေဖြင့် လိုအပ်ပါက အဆိုပါ အရောင်းအဝယ်ကို တားဆီးခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်သည်။

သို့သော် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ကွန်ဂရက်လွှတ်တော်အတွင်းရှိ ပါတီအားလုံးက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

Source: Reuters