အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးတစ်ဦးအပါအဝင် ငါးဆယ်ခန့်ကို KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ဖမ်းဆီးထိန်းသိမ်းထားသည်။
အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူးဒိုရာ အပါအဝင် စုစုပေါင်း လူငါးဆယ်ခန့်ကို ဖမ်းထားခြင်းဖြစ်သည်။
၎င်းတို့အား KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ဒီဇင်ဘာ ၁၇ ရက် နံနက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။
၎င်းတို့အား KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ ၏တပ်ခွဲများဖြစ်သည့် ကစယ်ဒိုကျားတပ်ဖွဲ့၊ ပုတီးတစ်လုံးတပ်ဖွဲ့တို့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားနှင့် ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။
။။။။။။။။။။။။။။။။။။။
DW။ ဗျူဟာ ၃၃ ဗျူဟာမှူးနဲ့အဖွဲ့ကို KNLAတပ်ရင်း ၁၂ က ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ၁ ရက် ၂ ရက်အတောအတွင်း KNLA နဲ့ NUG ကတာဝန်ရှိသူတွေ အခင်းဖြစ်ပွားတဲ့နေရာကိုသွားပြီး ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံပြီး ဖြစ်ပေါ်လာတဲ့ပြသနာအပေါ် ညှိနှိုင်းဖြေရှင်းသွားပါလိမ့်မယ်။
အဲဒီဖြစ်ပျက်မှုကို လောလောဆယ် ကျွန်တော်တို့တပ်မဟာ ၄ ခေါင်းဆောင်တွေကို စုံစမ်စစ်ဆေးနေဆဲဖြစ်ပါတယ်။ ကနဦးသိထားတာကတော့ အောက်ခြေဘက်က တပ်ရင်း ၁၂ ဧရိယာမှာ ရဲဘော်အချင်းချင်းပြဿနာဖြစ်လာတာပေါ့နော်။ ပြီးမှ ကျွန်တော်တို့တပ်ရင်း ၁၂ က အဲဒီတစ်ချို့ NUG ခေါင်းဆောင်တွေကို ဖမ်းထားတာရှိတယ်။
DW။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်း ဆောင်ရွက်နေလဲ။
ဖြေ။ နှစ်ဖက်စလုံးက တာဝန်ရှိသူတွေကိုယ်တိုင် ရောက်ရှိဖြေရှင်းသွားမှာဖြစ်တာကြောင့် အခြေအနေကိုထိန်းသိမ်းနိုင်တဲ့ သဘောရှိပါတယ်။
DW။ ဘယ်လိုအခြေအနေကနေပြီး အခုလိုထိန်းသိမ်းတဲ့အဆင့်အထိ ဖြစ်သွားတာလဲ။
ဖြေ။ မြေပြင်မှာ ပွတ်တိုက်မူအသေးအမွှားများစွာ ဖြစ်လာခဲ့တဲ့အကြောင်းက အခြေခံပြီး အချိန်မီ အရေးယူဖြေရှင်းမှုအားနည်းတာကြောင့် အခြေအနေကိုလစ်လျူရှုတဲ့ သဘောသက်ရောက်ခဲ့ပြီးသကာလ ဒီလိုအခြေအနေ ရောက်ရခြင်းဖြစ်ပါတယ်။
DW။ နောက်ပိုင်းအခုလိုမျိုးဖြစ်စဉ်တွေ မဖြစ်အောင် နှစ်ဖက်စလုံးက ညှိနှိုင်းဆောင်ရွက်ဖို့ ဘယ်လိုစီစဉ်ထားလဲ။
ဖြေ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ KNU တပ်မဟာ ၄ ခေါင်းဆောင်နဲ့ မြိတ်ထားဝယ်ခရိုင်နဲ့ အဲဒီ NUG ခေါင်းဆောင်တွေကို ဆက်သွယ်ပြီးညှိနှိုင်းပြီး ဒီပြဿနာကို ဖြေရှင်းမယ်။ အမြန်ဆုံးဖြေရှင်းမယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။







