စစ်အာဏာရှင်တပ်က ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းတွင် နိုဝင်ဘာလအတွင်း အရပ်သားကားများကို ချောဆွဲပြီး နေရာပြောင်းရွှေ့နေကြောင်း ကားသမားများနှင့် ဒေသခံများက ပြောသည်။
စက်တင်ဘာလ လဆန်းပိုင်းတွင် တော်လှန်ရေးတပ်များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က နေရာအတည်တကျ တပ်စွဲနေထိုင်ခြင်း မရှိတော့ကြောင်း ၎င်းတို့က ဆိုသည်။
ရာဖူးရွာ၊ ကျွဲတလင်းရွာ၊ လော့သိုင်းရွာ၊ သာယာမွန်ရွာနှင့် ကျောက်ကဒင်ရွာတို့တွင် လှည့်လည်သွားလာနေကြောင်း ဒေသခံများက ပြောဆိုသည်။
“နေရာ အတည်တကျ မနေဘူး။ တစ်ရွာကို တစ်ပတ်မှာ လေးရက်လောက်နေပြီး နောက်တစ်ခါရွှေ့တယ်။ ရွှေ့တဲ့အခါ လမ်းမှာသွားနေတဲ့ ကားတွေတားပြီး ချောဆွဲတယ်။ (တပ်ဖွဲ့ဝင်) အင်အားက ရာဂဏန်းပဲ။ တစ်ခါရွှေ့ရင် ကားခြောက်စီးနဲ့။ ချောဆွဲခံရပြီး လမ်းမှာ နှစ်ဖက်ပစ်ကြရင် ကြားညှပ်မှာပဲ စိတ်ပူတယ်” ဟု အဆိုပါလမ်းပိုင်းတွင် သွားလာနေသည့် ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သားများသည် ရွာစဥ်လှည့်သွားလာနေပြီး ရွာသားအချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းလေ့ရှိကာ ရိုက်နှက်ခံ ရသူများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ထိပ်တိုက်တွေ့ရင်တော့ ဖုန်းကို အဓိက စစ်တယ်။ (နိုဝင်ဘာ) ၇ ရက်နေ့ကတော့ ဖုန်းထဲမှာ သူတို့ (စစ်အာဏာရှင်တပ်) သဘောမကျတာတွေ့လို့ ထင်တယ်၊ သာယာမွန်ရွာသားနှစ်ယောက် အရိုက်ခံရတယ်။ စစ်ကြောင်းထိုးသလို အိမ်တိုင်းတော့ မဝင်ဘူး” ဟု လမ်းပိုင်းရှိ ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်က လှုပ်ရှားသွားလာနေသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကိုလည်း စိုးရိမ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ယခင်က ယင်းလမ်းပိုင်းတွင် နေရာယူထားသည့် မောရဝတီက စစ်အာဏာရှင်တပ်သားများကို ပြန်ရုတ်သိမ်းသွားပြီး ယခုတွင်မူ ကလိန်အောင်တပ်နယ်မှ ခြေလျင်၊ ခြေမြန်တပ်ရင်းများမှ စစ်အာဏာရှင်တပ်သားများ နေရာယူထားကြောင်း လမ်းပိုင်းရှိ ကျေးရွာများတွင်နေထိုင်သည့် ဒေသခံများထံမှ သိရသည်။
ယခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတွင် ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းတွင် ပြည်ထောင်စုကားလမ်းမ ပိတ်ရသည့်အထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ရေးတင်းမာခဲ့သည်။







