ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ နဘုလယ်ဒေသရှိ ထိန်ကြီး၊ ပရဒပ်၊ လဲရှောင်စသော ကျေးရွာသုံးရွာကို စစ်အာဏာရှင်တပ်က ဖိအားပေးပြီး လူဦးရေစာရင်း ကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
နဘုလယ်ဒေသကို စစ်အာဏာရှင်တပ်က မကြာခဏ စစ်ကြောင်းထိုးနေပြီး ဒေသခံများဖမ်းဆီးခံပါက စိစစ်ရ လွယ်ကူ စေရန် လူဦးရေစာရင်းပေးရမည်ဟု စစ်အာဏာဏာရှင်တပ်တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် မဖြစ်မနေ စာရင်းပေးကြရန် လိုက်လံစည်းရုံပြီး စာရင်းကောက်ခံနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က စစ်ကြောင်းထိုးချိန် လူဖမ်းမိရင် စာရင်းမပါတဲ့သူက မလွတ်ဘူး။ စာရင်းပါမှ လွတ်မယ် အဲဒီသဘောနဲ့ စာရင်းပေးကြဖို့ ပြောနေတယ်” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းရှိ စစ်အာဏာရှင်တပ်ဖွဲ့သည် နိုဝင်ဘာလ ၁၇ရက် မွန်းတည့် ၁၂နာရီခန့်တွင် ထိန်ကြီးရွာသို့ ရောက်ရှိလာပြီး ထိန်ကြီးရွာ အနောက်ကျောင်းတွင် တပ်စွဲကာ လူဦးရေစာရင်း ကောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကြောင်းလာချိန် လမ်းတစ်လျှောက် ဒေသခံအမျိုးသမီးအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်လာကာ ဖမ်းဆီးလာသူများကို ကျေးရွာအတွင်း လွှတ်ကာ လူဦးရေစာရင်းပေးကြရန် လိုက်လံနှိုးဆော်ခိုင်းခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“သူတို့ ဖမ်းလာတဲ့သူတွေကို ရွာထဲလွှတ်ပြီး ဘုန်းကြီးကျောင်းမှာ စာရင်းလာပေးကြဖို့ နှိုးဆော်ခိုင်းပြီး လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ပထမပတ်ကစပြီး ရေဖြူမြို့နယ် မူးဒူးကျေးရွာ၊ ထွက်ဝကျေးရွာ၊ ဘဝါကျေးရွာ မယင်းကြီးကျေးရွာများကိုလည်း တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးကာ လူဦးရေစာရင်း လိုက်လံကောက်ယူ ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အုပ်စုက ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူအချို့က ပြောဆိုကြသည်။







