BREAKING
November 18, 2025

စစ်အုပ်စုရွေးကောက်ပွဲအတွက် မြိတ်မြို့က တက္ကသိုလ်ကျောင်းသားအချို့ကို ကြိုတင်မဲစပေးခိုင်း

November 18, 2025

စစ်ကော်မရှင်ကလုပ်မည့် ရွေးကောက်ပွဲအတွက် မြိတ်မြို့ရှိ တက္ကသိုလ်ကျောင်းသားအချို့ကို နိုဝင်ဘာလ ၁၇ ရက်နေ့ကစပြီး ကြိုတင်မဲထည့်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလနှောင်းပိုင်းတွင် ကျင်းပမည်ဆိုသည့်ရွေးကောက်ပွဲအချိန်တွင် အခြားတိုင်းနှင့် ပြည်နယ်သို့ ပညာသင်သွားရောက်မည့် မြိတ်မြို့ခံ တက္ကသိုလ်ကျောင်းသားများကို ကြိုတင်မဲထည့်ခိုင်းခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်အောင်က ပြောသည်။

ကြိုတင်မဲပေးခွင့်ရှိသည့် တက္ကသိုလ်ကျောင်သား ၃၉ ဦးရှိသော်လည်း လူဦးရေမည်မျှလာရောက်ပြီး ကြိုတင်မဲပေးခဲ့သည်ကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။

“ဒီဇင်ဘာ ရွေးကောက်ပွဲကျရင် ကိုယ့်မြို့ ကိုယ့်ရွာမှာမရှိတဲ့ကျောင်းသားတွေ ၃၉ ယောက် ကြိုတင်မဲပေးခွင့်ရှိတာပေါ့။ အဲဒီထဲက ဘယ်နှစ်ယောက်လာပေးလဲဆိုတာတော့ မြို့နယ်( ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ) ကပဲ သိပါလိမ့်မယ်” ဟု ဦးအောင်အောင်က ပြောသည်။

ထားဝယ်မြို့ရှိ တက္ကသိုလ်များတွင်မူ ထိုကဲ့သို့ ကြိုတင်မဲထည့်ခိုင်းသည့်ကိစ္စ လတ်တလောမကြားရသေးပေ။

စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကမူ ရွေးကောက်ပွဲကျင်းပမည့်အချိန်အတွင်း မဲဆန္ဒနယ်ပြင်ပရောက်နေမည့် တက္ကသိုလ်ကျောင်းသားများ နိုဝင်ဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်ကြောင်း ကြေညာထားသည်။

တနင်္သာရီတိုင်းစစ်ကော်မရှင်အဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအများစုလည်း ကြိုတင်မဲပေးချိန် မြိတ်မြို့သို့ရောက်ရှိ နေကြကြောင်း မြို့ခံအချို့က ပြောသည်။

တော်လှန်ရေးအင်အားစုများကမူ စစ်ကော်မရှင်ကပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ထားသည်။

ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်ကော်မရှင်ကကျင်းပမည့် ရွေးကောက်ပွဲတွင် ဖိအားပေးမဲထည့်ခိုင်းသူများကို တိုင်ကြားနိုင်ကြောင်း ‌ထုတ်ပြန်အသိပေးထားသည်။

မြန်မာစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခများကို ပြေလည်စေမည်မဟုတ်သလို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြနေကြသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း မြန်မာစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိမည်မဟုတ်ကြောင်း ပြောဆိုထားသည်။