BREAKING
November 18, 2025

မောတောင်ဒေသခံ စစ်ဘေးရှောင် ၁၈၀၀ကျော် စောင်၊ ဖျာနှင့် ဆေးဝါးများလိုအပ်

November 18, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ၁၈၀၀ ကျော် စောင်၊ ဖျာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

မောတောင်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းယူပြီးနောက် စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသဖြင့် နေအိမ် မပြန်နိုင်ကြသေးကြောင်း ၎င်းတို့က ပြောသည်။

နိုဝင်ဘာလ ၁ရက်က မောတောင်မြို့အဝင်ဂိတ်ကို စစ်အာဏာရှင်တပ်က ပိတ်သည့်အချိန်မှစတင်ကာ နယ်စပ်မျဉ်းအနီးသို့ စတင်တိမ်းရှောင်ခဲ့ကြသည်။ ထိုနောက် မောတောင်မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း မြို့ခံအများစု ထပ်မံထွက်ပြေးခဲ့ကြသည်။

လက်ရှိတွင် နယ်စပ်အနီး တိမ်းရှောင်နေရပြီး အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာသူများမှာ စောင်နှင့် ဖျာများ မပါလာသူ များနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူ တစ်ဦးက ဆိုသည်။

“နယ်စပ်မှာက ‌အေးနေတော့ စောင်တွေနဲ့ ဖျာက လိုနေတယ်။ ဆေးဝါးက ကုတဲ့သူတစ်ယောက်ပဲရှိတော့ စစ်ရှောင် အ‌ရေအတွက်က များနေတယ်။ မညီမျှဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါစစ်ဘေးရှောင်များထံသို့ ပို့မည့် ထမင်းဘူးများကို ထိုင်းရပ်ကွက်လူကြီးက နံနက်အတွက် တာဝန်ယူချက်ပြုတ်နေပြီး ညနေအတွက်ကိုမူ မြန်မာများက တာဝန်ယူချက်ပြုတ်နေကြောင်း ထမင်းချက်ပြုတ်ရာတွင် ကူညီနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုင်းရပ်ကွက်လူကြီးက စစ်ရှောင်များထံပို့မည့် ထမင်းဘူးအတွက် ငွေထုတ်ပေးပြီး ရပ်ကွက်တွင်ရှိသည့် ထိုင်းနိုင်ငံသားများက ချက်ပြုတ်နေကြောင်း ၎င်းက ပြောသည်။

စစ်ဘေးရှောင်များ လိုအပ်နေသည့် အိမ်သာနှင့် ရေချိုးခန်းများကို ယာယီအဆောင်များ ဆောက်ပေးနေပြီး လိုအပ်သည့် ပစ္စည်းများကို ထိုင်းရောက်မြန်မာများက ကူညီကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။

စစ်ရှောင်များသည် နှစ်လကျော်အထိ နေအိမ်ပြန်ဝင်မရသည့် အနေထားရှိသည်ဟု ထိုင်းအာဏာပိုင်များက ခန့်မှန်း ထားသဖြင့် ယာယီ အိမ်သာနှင့် ‌ရေချိုးခန်းများ ဆောက်ပေးခြင်းဖြစ်ကြောင်း စစ်‌ရှောင်များထံမှ သိရသည်။

စစ်ရှောင်ထဲတွင် တစ်နှစ်မပြည့်သေးသည့် ကလေးများလည်းရှိနေသဖြင့် နို့မှုန့်နှင့် ကလေး အသုံးဆောင်များလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။