BREAKING
November 18, 2025

ဗြိတိန်တွင် ခိုလှုံခွင့်လျှောက်ထားသူများ နှစ် ၂၀ ကြာမှ အမြဲတမ်းနေထိုင်ခွင့်ရမည်

November 18, 2025

ပုံစာ - ဗြိတိန်ပြည်ထဲရေးဝန်ကြီး Shabana Mahmood

ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားသူများအနေဖြင့် နိုင်ငံအတွင်း အနှစ် ၂၀ ကြာ နေထိုင်ပြီးမှသာ အမြဲတမ်းနေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၇ ရက်တွင် ကြေညာလိုက်သည်။

အမြဲတမ်းနေထိုင်ခွင့်ရရှိရန် စောင့်ဆိုင်းရမည့်အချိန်ကို လက်ရှိသတ်မှတ်ထားသည့် ၅ နှစ်မှ နှစ် ၂၀ အထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် အာဏာပိုင်များအနေဖြင့် အမြဲတမ်းနေထိုင်ခွင့်ထုတ်ပေးရေး လုပ်ငန်းစရိတ်စကများ ကာမိစေရန် ခိုလှုံခွင့်လျှောက်ထားသူများ၏ တန်ဖိုးရှိပစ္စည်းများအား သိမ်းယူခွင့်ရှိလာပြီ ဖြစ်သည်။

အင်္ဂလိပ်ရေလက်ကြားကို လှေငယ်ဖြင့် ဖြတ်သန်းကာ ဝင်ရောက်လာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား လေဘာပါတီအစိုးရက မထိန်းချုပ်နိုင်သည့်အပေါ် မကျေနပ်မှုများ ကြီးထွားလာချိန် အဆိုပါ လူဝင်မှုကြီးကြပ်ရေးမူဝါဒ အပြောင်းအလဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိဒိန်းမတ်အစိုးရ၏ ရွှေ့ပြောင်းနေထိုင်သူများအပေါ် တင်းကျပ်သည့် ချဥ်းကပ်မှုကို ဗြိတိန်အစိုးရက အတုယူကျင့်သုံးလာခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

အဆိုပါ မူဝါဒအပြောင်းအလဲအရ ဗြိတိန်တွင် ဒုက္ခသည်ခိုလှုံခွင့်ရထားသူများသည် ယာယီနေထိုင်သူများ ဖြစ်လာသည်။

၎င်းတို့၏ ဇာတိနိုင်ငံများတွင် ဘေးအန္တရာယ်ကင်းရှင်းပြီဟု ဗြိတိန်အစိုးရက သတ်မှတ်သည်နှင့် တပြိုင်နက် ၎င်းတို့အား နိုင်ငံမှ ထွက်ခွာစေမည်ဖြစ်သည်။

“၅ နှစ်ပြည့်ရင် ဒီနိုင်ငံမှာ အလိုအလျောက် အခြေချခွင့်ရသွားစေတဲ့ ကျွန်မတို့ရဲ့ စနစ်ဟာ ဥရောပက တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အင်မတန် ရက်ရောပါတယ်။ ဒါကို ကျွန်မတို့ ပြောင်းလဲသွားမှာပါ” ဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီး Sabana Mahmood က ပြောသည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည့် အခြားအစီအမံများတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အာဖရိကနိုင်ငံသုံးနိုင်ငံဖြစ်သည့် အင်ဂိုလာ၊ နမီးဘီးယားနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ကို ဗီဇာပိတ်ပင်သွားရန်လည်း ပါဝင်သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက နှိပ်စက်ညှဉ်းပန်းမှုများမှ ထွက်ပြေးလာသော ဒုက္ခသည်များအား ဆက်လက်ကြိုဆိုသွားမည်ဟု ပြောသည်။

Source: The Frederick News-Post ၊ The National