လောင်းလုံးမြို့နယ်၊ ကျောက်တွင်းရွာအနီးရှိ ဆင်ထောင့်ကမ်းခြေတွင် ဝေလငါးမန်း(ဒေသအခေါ် ဝါဇီပျော့) သုံးကောင် သောင်တင်ပြီး သေဆုံးနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။
မျိုးသုဥ်းရန်အန္တရာယ်ရှိနေသည့် ဝေလငါးမန်းများမှာ အရွယ်အစားအလွန်ကြီးမားသော မျိုးစိတ်ဖြစ်သည်။
ဝေလငါးမန်း သုံးကောင် ဆင်ထောင့်ကမ်းခြေတွင် သောင်တင်သေဆုံးနေသည်ကို နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဒေသခံများက တွေ့ရှိကြခြင်းဖြစ်သည်။
အဆိုပါ ဝေလငါးမန်းသုံးကောင်စလုံးတွင် ပြင်ပထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မတွေ့ရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒဏ်ရာတော့မတွေ့ရဘူး။ ဗိုက်ကပေါက်နေပြီ။ ပက်လက်(အနေအထား) နှစ်ကောင်မှာဆို အရည်တွေကပွက်ပြီး ထွက်နေပြီ” ဟု ၎င်းက ဆိုသည်။
အရွယ်အစားအားဖြင့် ၂၈ ပေခန့်ရှိ ဝေလငါးမန်းတစ်ကောင်နှင့် ၁၀ ပေကျော်အရွယ် နှစ်ကောင်သေဆုံးနေကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ပင်လယ်ပြင်နှင့် ရေနေသတ္တဝါကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ရွက်နေသူတစ်ဦး၏ အဆိုအရ သေဆုံးနေသည့် ဝေလငါးမန်းသုံးကောင်တွင် အကောင်ငယ်တစ်ကောင်က အမဖြစ်ပြီး ကျန်သည့်နှစ်ကောင်က အထီးအမ မခွဲခြားနိုင်ကြောင်း ပြောသည်။
တနင်္သာရီတိုင်းဒေသခံများက ဝါဇီပျော့ဟု ခေါ်ကြသည့် ဝေလငါးမန်းများသည် ပျမ်းမျှအားဖြင့် အရှည်ပေ ၄၀ ဝန်းကျင်အထိ ရှိတတ်ကြပြီး လူကို အန္တရာယ်မပြုသည့် မျိုးစိတ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဝေလငါးမန်းများသည် အကောင်ရေ တဖြည်းဖြည်းလျှော့နည်းလာနေသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Union for Conservation of Nature(အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့)က မျိုးသုဥ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ် Endangered species အဖြစ် သတ်မှတ်ထားသည်။
မြန်မာ့ပင်လယ်ကမ်းရိုးတန်းတွင် ဝေလငါးမန်းများ တစ်ခါတစ်ရံ သေဆုံးသောင်တင်တတ်သော်လည်း ယင်းကဲ့သို့အစုလိုက် သေဆုံးသောင်တင်ခြင်း မရှိခဲ့ဖူးကြောင်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသည့် Native Species Conservation and Identification in Myanmar အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“၂၀၁၆ မှာ အင်ဒိုနီးရှားမှာ ၅ ကောင်သေဖူးပါတယ် အဲဒါအများဆုံးပါပဲ။ အခုကမြန်မာ့သမိုင်းမှာအများဆုံးပါ။ ၁ ကောင်၂ ကောင်ဖြစ်တယ်။ ၃ ကောင်စလုံး သောင်တင်တာကတော့ထူးဆန်းပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိဝေလငါးမန်းများ သောင်တင်သေဆုံးနေသည့်ဒေသမှာ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား လက်နက်ကိုင်ပဋိပက္ခပြင်းထန်သည့် ဒေသဖြစ်သည့်အတွက် ကျွမ်းကျင်ပညာရှင်များ သွားရောက်ရန် မလွယ်ကူသည့် အခြေအနေဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကလည်း တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်၊ ကျောက္ကာရွာနှင့် ကျွန်းစုမြို့နယ်၊ သဲတန်းကျေးရွာအနီးတွင် ဝေလငါးမန်းအချို့သေဆုံးပြီး သောင်တင်ခဲ့ကြသေးသည်။







