BREAKING
October 18, 2025

ကမ္ဘောဒီးယားမှ ပြန်ပို့လိုက်သည့် နိုင်ငံသားများကို တောင်ကိုရီးယား အာဏာပိုင်များ ဖမ်းဆီးထား

October 18, 2025

ဓာတ်ပုံ - Kim Hong-Ji/Reuters

အွန်လိုင်းငွေလိမ်စင်တာများတွင် ပါဝင်ပတ်သက်မှု သံသယဖြင့် ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးထိန်သိမ်းကာ နိုင်ငံပြန်ပို့လိုက်သည့် တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးကို တောင်ကိုရီးယား အစိုးရကလည်း ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်။

အဆိုပါနိုင်ငံသားများကို ကမ္ဘောဒီးယားက ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် မိခင်နိုင်ငံသို့ ပြန်ပို့လိုက်ခြင်းဖြစ်ပြီး တောင်ကိုရီးယားအာဏာပိုင်များကလည်း ရာဇဝတ်မှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးရန် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

အဆိုပါ တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးမှာ ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် ပါဝင်ပတ်သက်နေကြောင်း၊ ငွေလိမ်စင်တာများတွင် မိမိဆန္ဒအလျောက် ပါဝင်ပတ်သက်ခဲ့ကြသူများရော၊ မိမိဆန္ဒနှင့် ဆန့်ကျင်၍ ပါဝင်ပတ်သက်ခဲ့ရသူများပါ ပါဝင်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး Wi Sung-lac က ပြောသည်။

၎င်းတို့ကို မိခင်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးရန် သဘောတူညီမှုသည် “အွန်လိုင်းငွေလိမ်မှုများကို နှိမ်နှင်းရာတွင် တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်သည်” ဟု ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် တောင်ကိုရီးယားအစိုးရက ၎င်းတို့ နိုင်ငံသားများအတွက် ကမ္ဘောဒီးယားရှိ ဒေသအချို့ကို မသွားရောက်ရန် အမည်းရောင်အဆင့် ခရီးသွားလာမှုတားမြစ်မိန့်ကို ထုတ်ပြန်လိုက်သည်။

လုပ်ခလစာ အများအပြားရရှိမည်ဟု လိမ်လည်လှည့်ဖျားခံရပြီး ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သည့် တောင်ကိုရီးယားကျောင်းသားတစ်ဦး ညှင်းပန်းနှိပ်စက်ခံရကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ် မကြာသေးမီက ပေါ်ထွက်လာခဲ့ပြီးနောက်တွင် တောင်ကိုရီးယားအစိုးရ၏ အဆိုပါ ခရီးသွားလာမှုတားမြစ်မိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ကျောင်းသားသေဆုံးမှုနှင့် ဆက်စပ်ပြီး တောင်ကိုရီးယားနိုင်ငံသားများကိုကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများက ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘောဒီးယားအစိုးရအား တောင်ကိုရီးယားအစိုးရက ပြီးခဲ့သည့် အပတ်တွင် တိုက်တွန်းခဲ့သည်။

လိမ်လည်လှည့်ဖျားခေါ်ဆောင်ခံရပြီး ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် အလုပ်လုပ်ကိုင်နေရသည့် တောင်ကိုရီးယားနိုင်ငံသားများ ပြန်လွတ်မြောက်လာရေး ဆောင်ရွက်ရန် ထိပ်တန်းအရာရှိအဖွဲ့တစ်ဖွဲ့ကိုလည်း တောင်ကိုရီးယားအစိုးရက ကမ္ဘောဒီးယားသို့ စေလွှတ်ခဲ့သည်။

အဆိုပါ ကျောင်းသားသေဆုံးမှုနှင့် ဆက်စပ်ပြီး တောင်ကိုရီးယားနိုင်ငံသားများကို ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများက ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘောဒီးယားအစိုးရအား တောင်ကိုရီးယားအစိုးရက ပြီးခဲ့သည့် အပတ်တွင် တိုက်တွန်းခဲ့သည်။

Source: Reuters ၊ Al Jazeera