ယူကရိန်းစစ်ပွဲကို လက်ရှိတိုက်ပွဲထိန်းချုပ်နယ်မြေအတိုင်း လက်ခံပြီး ရပ်တန့်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၇ ရက်နေ့က ပြောကြားလိုက်သည်။
သောကြာနေ့က အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတဇလန်းစကီးနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
နာရီများစွာ ကြာမြင့်ခဲ့သည့် အဆိုပါ အိမ်ဖြူတော်တွေ့ဆုံမှုအတွင်း သမ္မတထရမ့်နှင့် သမ္မတဇလန်းစကီးတို့အကြား ယူကရိန်းစစ်ပွဲ၏ အနာဂတ်နှင့် ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ ဆွေးနွေးပွဲမှာ တဲ့တိုးပြောဆိုမှုများနှင့် တင်းမာမှု ရှိခဲ့ပြီး ရံဖန်ရံခါ စိတ်ကသိကအောက်ဖြစ်စရာများ ကြုံခဲ့ရသည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ကြောင်း နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ CNN က ဖော်ပြသည်။
လက်ရှိအချိန်တွင် ယူကရိန်းအနေဖြင့် ၎င်းတို့ တောင်းဆိုထားသည့် ရုရှားအတွင်းပိုင်းအထိ ပစ်ခတ်နိုင်သည့် တိုမာဟော့ခ်တာဝေးပစ်မစ်ဆိုင်းဒုံးများကို ရရှိဦးမည်မဟုတ်ကြောင်း ထရမ့်က ဇလန်းစကီးအား ရှင်းရှင်းလင်းလင်း သိစေခဲ့သည်။
ယူကရိန်းဘက်က စစ်ပွဲကို ပိုအရှိန်မြှင့်ကာ ဆွဲဆန့်ထားလိုသည်ဟု ထရမ့်က ယူဆနေကြောင်း အမေရိကန်အရာရှိတစ်ဦးက ဆိုသည်။
မကြာမီ ရောက်ရှိလာတော့မည့် ပြင်းထန်ဆိုးရွားသည့် ဆောင်းရာသီအတွင်း ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲ၏ ထိခိုက်ဆုံးရှုံးမှုများအတွက် ထရမ့်က စိုးရိမ်ပူပန်နေကြောင်းလည်း အဆိုပါ အရာရှိက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲပြီးဆုံးပြီးနောက် နာရီပိုင်းအကြာတွင် ထရမ့်က လက်ရှိမြေပြင်တွင် ထိန်းချုပ်ထားသည့် နယ်မြေတလျှောက် အပစ်အခတ်ရပ်စဲကာ တိုက်ခိုက်သတ်ဖြတ်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။
“ကျွန်တော့်အမြင်မှာတော့ သူတို့တွေ စစ်ပွဲကို ချက်ချင်းရပ်သင့်နေပါပြီ။ ဘယ်နားပဲရောက်နေသည်ဖြစ်စေ တိုက်ပွဲထိန်းချုပ်နယ်မြေအတိုင်းပဲ လက်ခံရမယ်။ မဟုတ်ရင်တော့ သိပ်ကိုရှုပ်ထွေးသွားလိမ့်မယ်။ ခင်ဗျားတို့အနေနဲ့ ဒါကို ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ တိုက်ပွဲထိန်းချုပ်နယ်မြေအတိုင်းပဲ စစ်ပွဲကို ရပ်လိုက်ပါ” ဟု ထရမ့်က သောကြာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
နှစ်ဖက်စလုံး လူသတ်တာကို ရပ်ပြီး အိမ်ပြန်သင့်ပြီ ဖြစ်ကြောင်း ရုရှားနှင့် ယူကရိန်းနှစ်ဘက်စလုံးမှ ခေါင်းဆောင်များကို တိုက်တွန်းထားကြောင်း ထရမ့်က ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲမှာ တင်းမာမှုရှိပြီး လေးနက်သည့် စကားဝိုင်းတစ်ခုဟု ဇလန်းစကီးက လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြောဆိုခဲ့သည်။
သို့သော် ဆွေးနွေးပွဲရလဒ်မှာ စစ်ပွဲအဆုံးသတ်ရေး ပိုမိုနီးစပ်လာစေရန် အထောက်အ ကူပြုသည်ဟုလည်း ၎င်းက ဆိုသည်။
Source: CNN ၊ BBC