BREAKING
October 19, 2025

စစ်ခေါင်းဆောင်လာမည်ဆိုပြီး မြိတ်မြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းခွင့်ပိတ်

September 18, 2025

ပုံစာ - အမိုးတပ် ဘေးတွဲဆိုင်ကယ်တစ်စီး (ပုံဟောင်း) ။

မြိတ်မြို့သို့ မနက်ဖြန် စက်တင်ဘာလ ၁၉ရက်တွင် စစ်ကောင်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည် ဆိုပြီး မြို့ပေါ်တွင် ဘေးတွဲဆိုင်ကယ်များ မောင်းနှင်ခြင်းကို ပိတ်ပင်ထားကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၁၈ရက်ကစပြီး ဘေးတွဲဆိုင်ကယ် မောင်းခွင့်မပြုဟု မြိတ်မြို့ပေါ်တွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေကြောင်း ၎င်းတို့က ဆိုသည်။

“(စစ်ခေါင်းဆောင်) လာမယ်ပြောလို့ ဘေးတွဲဆိုင်ကယ်တွေ မောင်းတာတွေ့ရင် ဖမ်းမယ်လို့ပြောတယ်။ တချို့အဖမ်းခံရတဲ့ သူတွေလည်း ရှိတယ်လို့ကြားရတယ်။ လူကိုတော့ ဘာမှမလုပ်ဘူး။ ဘေးတွဲကိုတော့ သိမ်းလိုက်တယ်ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

မြိတ်မြို့ပေါ်တွင်လည်း ယနေ့ နံနက်ပိုင်းကစတင်ပြီး စစ်အာဏာရှင်တပ်သားများ လုံခြုံရေးတိုးမြှင့်ထားကြောင်း မြို့ခံများက ပြောဆိုသည်။

မြိတ်မြို့တွင် ကုန်ပစ္စည်းသယ်ပို့ရာတွင်လည်းကောင်း၊ အသား၊ ငါး၊ ဟင်းသီး၊ ဟင်းရွက်များကို ရွေ့လျားရောင်းချရာတွင် လည်းကောင်း ဘေးတွဲဆိုင်ကယ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။

လတ်တလောတွင် ဘေးတွဲဆိုင်ကယ်မောင်းခွင့် ရုတ်တရက် ပိတ်ပင်ခံလိုက်ရသဖြင့် အခက်တွေ့နေရကြောင်း မြို့ခံအချို့ က ဆိုသည်။

“ကားဂိတ်ကို ပစ္စည်းပို့ဖို့လည်း ဘေးတွဲငှားမရ၊ လမ်းထဲကိုလည်း (ဘေးတွဲ) ဈေးကားမလာနဲ့ တော်တော်ဒုက္ခဖြစ်တယ် ဒီနေ့တော့” ဟု မြို့ခံအိမ်ထောင်ရှင်တစ်ဦးက ပြောသည်။

မြိတ်မြို့တွင် ဘေးတွဲဆိုင်ကယ်များကို တရားဝင် ခွင့်ပြုထားခြင်း မရှိသဖြင့် စစ်ခေါင်းဆောင်လာမည့်ခရီးစဉ်ကာလတွင် ပိတ်ပင်ထားခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချို့က သုံးသပ်ကြသည်။

ထားဝယ်မြို့တွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလာမီ ကမြောကင်းတံတားနှင့် လမ်းဘေးပလက်ဖောင်း အချို့ကို ဆေးသုတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခန့်တွင်မူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထားဝယ်သို့ရောက်ရှိလာပြီး မြို့တော်ခန်းမ အသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့သည်။ ယင်းနောက် ထားဝယ်ကွန်ပျူတာတက္ကသိုလ်၊ ထားဝယ်ဘုရားကြီးထံသို့ သွားရောက်ခဲ့သည်။

စစ်ခေါင်းဆောင်မရောက်လာမီ တစ်ရက်အလိုကမူ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာ ၁၀ ခန့်ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်။ ယင်းအပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်တို့လည်း ပျက်စီးခဲ့သေးသည်။