လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့ရောက်ရင် မြန်မာဖိုက်တာ သွေးလင်းထက်နဲ့ ပွဲထိုးရတော့မယ့် ထိုင်းဖိုက်တာ SAM-A က ထိုင်းဖိုက်တာတွေကို သွေးလင်းထက် ဆက်တိုက်အနိုင်ယူပြနေတာတွေဟာ ဒီပွဲမှာ တစ်ခန်းရပ်ရလိမ့်မယ် လို့ ပွဲမတိုင်ခင် စိတ်ဓာတ်စစ်ဆင်ရေးစကားပြောကြားလိုက်ကြောင်း ONE Championship Thailand က ဖော်ပြထားပါတယ်။
သွေးလင်းထက်ကြောင့် ထိုင်းဖိုက်တာတွေ ရရှိခဲ့တဲ့ဒဏ်ရာတွေကို ဒီပွဲမှာ သူက ကုစားပေးမှာဖြစ်တာကြောင့် ဖိုက်တာအားလုံး ပွဲလာကြည့်ဖို့လည်း သူက ဖိတ်ခေါ်လိုက်ပါသေးတယ်။
SAM-A ဟာ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့အားသာချက်က ဝါနဲ့ သမ္ဘာ ရင့်ကျက်တာ၊ ပွဲကို ဗျူဟာတကျ ချဉ်းကပ်တတ်တာ၊ Game Plan ပြင်ဆင်မှု အားကောင်းတာ၊ ပြိုင်ဘက်ရဲ့အားနည်းချက်တွေကို တွက်ဆပြီး အချိန်ကိုက် အခါကိုက် လုပ်အားနှုန်းမြှင့်တင်တတ်တာတွေပဲဖြစ်ပါတယ်။
မွေထိုင်းနဲ့ ကစ်ဘောက်ဆင် ချန်ပီယံဟောင်းကြီး SAM-A ရဲ့အားနည်းချက်က ဒုတိယပွဲချီရဲ့ထက်ဝက်လောက်ကစပြီး သက်လုံးကျသွားတတ်တာ၊ ကစားအားကျသွားတတ်တာတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။
သွေးလင်းထက်နဲ့ ထိုးရမယ့်ပွဲအတွက် ONE Championship Thailand က မေးမြန်းတာကို “ထိုင်းဖိုက်တာတွေဟာ သွေးလင်းထက်ကြောင့် ဒဏ်ရာတွေ ရခဲ့ရပြီးပါပြီ။ ဒါတွေက ကျွန်တော်က ပြန်လည်ကုစားပေးမှာပါ။ မွေထိုင်းအစစ်ဆိုတာ ဘာကိုခေါ်သလဲလို့ သွေးလင်းထက် သိသွားအောင် ကျွန်တော် လုပ်ပြဖို့ ရှိပါတယ်။ ကျွန်တော့်ရဲ့အတွေ့ကြုံတွေ၊ ဝါနဲ့ သမ္ဘာတွေကို ဒီပွဲမှာ အားလုံး မြင်ကြရပါလိမ့်မယ်။ သွေးလင်းထက်ရဲ့ကစားပုံ ကစားဟန်တွေကို ကျွန်တော် သေသေချာချာ လေ့လာထားပါတယ်။ သူက လက်သီးထိုးအားကောင်းသလို သတိထားရမယ့်အကွက်တွေလည်း မထင်ရင် မထင်သလို ထုတ်သုံးနိုင်စွမ်းရှိတာ ကျွန်တော် မြင်တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အားသာချက်က အတွေ့အကြုံကောင်းတွေရှိတာနဲ့ ပွဲအနေအထားကို ဖတ်ရှုနိုင်စွမ်း မြင့်မားတာပါပဲ။ သွေးလင်းထက်ဟာ ကျွန်တော့်အတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာမယ်ဆိုတာကို ကျွန်တော် ခြွင်းချက်မရှိ လက်ခံပါတယ်။ ဒါပေမဲ့ နောက်ထပ်ထိုင်းဖိုက်တာတစ်ယောက်ကို သွေးလင်းထက် ထပ်နိုင်တယ်ဆိုတာမျိုးကတော့ ဒီပွဲမှာ ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး”လို့ SAM-A က ဖြေကြားသွာခဲ့ပါတယ်။
Source – ONE Championship Thailand







