နှစ်နိုင်ငံ အငြင်းပွားနေသည့် နယ်စပ်တွင် ဆန္ဒပြသည့် ကမ္ဘောဒီးယားလူမျိုး အရပ်သားများကို စက်တင်ဘာလ ၁၇ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။
ယင်းသို့ ပစ်ခတ်ခဲ့ကြောင်းကို ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးရှိ အာဏာပိုင်များက အတည်ပြုပြောဆိုထားသည်။
အဆိုပါ ဖြစ်ရပ်မှာ ဇူလိုင်လတွင် ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား လူသေဆုံးသည်အထိ ငါးရက်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုနောက်ဆုံး ထွက်ပေါ်လာသည့် တင်းမာမှုဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားလူမျိုး အရပ်သားများ အနည်းဆုံး ၂၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း ကမ္ဘောဒီးယားအာဏာပိုင်များက ပြောဆိုသည်။
ကမ္ဘောဒီးယား ဆန္ဒပြသူများ၏ တိုက်ခိုက်မှုကြောင့် ထိုင်းလုံခြုံရေးအရာရှိအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
ဆန္ဒပြမှုဖြစ်ပွားသည့်နေရာသည် ထိုင်းနိုင်ငံ၊ ဆာကဲပြည်နယ်၊ ဘန်နွန်းရခဲယိုကျေးရွာပိုင်နယ်မြေဖြစ်ကြောင်း ထိုင်းအစိုးရက ဆိုသည်။
ကမ္ဘောဒီးယားအစိုးရကမူ အဆိုပါ ဧရိယာမှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တီယေမီချေးပြည်နယ်၊ ပရေချန်းကျေးရွာပိုင်နယ်မြေ ဖြစ်ကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့်လက အဆိုပါ ဧရိယာတွင် ထိုင်းအစိုးရက ဝိုင်ယာ ခြံစည်းရိုးများ စတင်ခတ်ထားခဲ့သည်။
ယင်းကြောင့် အဆိုပါ ဧရိယာတွင် နယ်စပ်နှစ်ဘက်စလုံးရှိ အရပ်သားများက လနှင့်ချီကြာအောင် ကန့်ကွက်ဆန္ဒပြလျက်ရှိသည်။
နယ်စပ်မိုင်ပေါင်း ၅၀၈ မိုင် ထိစပ်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်အငြင်းပွားမှု ပြဿနာမှာ ရာစုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိုင်း – ကမ္ဘောဒီးယား နယ်နိမိတ်ပိုင်းခြားမှုကို ကမ္ဘောဒီးယားနိုင်ငံ ပြင်သစ်ကိုလိုနီလက်အောက် ကျရောက်နေစဉ် ၁၉၀၇ ခုနှစ်တွင် ပြင်သစ်အစိုးရက ရေးဆွဲခဲ့ပြီး လက်ရှိအချိန်အထိ အငြင်းပွားနေရဆဲ ဖြစ်သည်။
Source: Reuters







