ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အနီးရှိ ပယရွာဝန်းကျင်တွင် ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက်အစောပိုင်းက နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာဝန်းကျင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ လေးနာရီကျော်ကြာဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။
နံနက် ၅ နာရီခန့်ကစ၍ နှစ်ဖက်ပစ်ခတ်သံများကြားရပြီး နံနက် ၉နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ် ခလရ ၂၇၃ တပ်ရင်း နှင့် မောရဝတီရေတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ကံပေါက်ဒေသခံများက ပြောသည်။
“ပယရွာဘက်ကနေ ကံပေါက်ဘက်ကို လာတဲ့လမ်းလည်း ပိတ်ထားတယ်။ အိမ်တွေ အထိအခိုက်ရှိတယ်။ လူတွေလည်း ထိကြတယ်” ဟု ကံပေါက်ရွာခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျည်စထိမှန်ကာ ပယရွာက ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရသဖြင့် ဆေးရုံပို့ထားရကြောင်း ကနဦး သိရှိထားပြီး နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
ကံပေါက်တိုက်နယ်အတွင်း စစ်ရေးလှုပ်ရှားမှု ပြုလုပ်လေ့ရှိသည့် တော်လှန်ရေးမဟာမိတ်အင်အားစုက တပ်ဖွဲ့တစ်ခုကို မေးမြန်းရာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အသေးစိတ်အခြေအနေကို သိရှိရန်စုံစမ်းဆဲဖြစ်ကြောင်း ဖြေကြားသည်။
ပြီးခဲ့သည့် ဇွန်လကလည်း ပယရွာတွင် စစ်အာဏာရှင်တပ်က နေရာယူတပ်စွဲထားသည့် နေရာခြောက်ခုကို တော်လှန်ရေး တပ်များက တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့၍ ထိတွေ့တိုက်ပွဲများဖြစ်ခဲ့သေးသည်။
ပယရွာသည် ကံပေါက်တိုက်နယ်မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ သွားသည့်လမ်းတွင်ရှိပြီး ကံပေါက်တိုက်နယ်ကို တော်လှန်ရေးအဖွဲ့များ မဝင်ရောက်နိုင်ရန် စစ်အာဏာရှင်တပ်က ပယရွာတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။







