ထိုင်းနိုင်ငံအတွင်း အရက်သောက်ရန် ခွင့်ပြုထားသောအချိန်ထက် ကျော်လွန်ပြီး အရက်ဆိုင်တွင် အရက်ထိုင်သောက်နေသူများ ဒဏ်ငွေ ဘတ်တစ်သောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက သတိပေးလိုက်သည်။
ယခုဒဏ်ငွေချမှတ်မည့် သတ်မှတ်ချက်ကို ထိုင်းနိုင်ငံ၏ အရက်နှင့်ဆိုင်သော ဥပဒေအောက်တွင် ပြင်ဆင်ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးဌာနက စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြောသည်။
ဥပဒေသည် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့မှစ၍ အသက်ဝင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် အရက်ဆိုင်၊ စားသောက်ဆိုင်များ၌ သတ်မှတ်ထားသော ခွင့်ပြုချိန်များတွင်သာ အရက်သောက်ရန် ခွင့်ပြုထားပြီး သတ်မှတ်ချိန်ထက် ကျော်လွန် သောက်သုံးခွင့်မရှိကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
အထူးသဖြင့် အရက်ရောင်းချချိန်သည် နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီအထိနှင့် ညနေ ၅ နာရီမှ ည ၁၂ နာရီအထိဖြစ်ပြီး ယင်းအချိန်များတွင်သာ ဆိုင်ထိုင်၍ အရက်သောက်သုံးခွင့်ရှိမည်ဖြစ်သည်။
ထို့ကြောင့် ည ၁၂ နာရီမှ နံနက် ၁၁ နာရီအထိနှင့် ညနေ ၂ နာရီမှ ၅ နာရီအထိ အရက်ရောင်းချမှုကို ကန့်သတ်ထားသဖြင့် ယင်းအချိန်တွင် ဘား၊ အရက်ဆိုင်၊ စားသောက်ဆိုင်များထဲ အရက်သောက်သုံးခြင်းကို တားမြစ်ထားကြောင်း ဖော်ပြထားသည်။
ယခင်က ည ၁၂ နာရီကျော်ချိန် စားသောက်ဆိုင်၊ အရက်ဆိုင်များက မှာယူမှုပိတ်ပြီဟု စားသုံးသူများကို ပြောသော်လည်း ဆိုင်မပိတ်ခင်အထိ အရက်သောက်ရန် ခွင့်ပြုလေ့ရှိသလို အချို့ဆိုင်များမှာ ပိတ်လိုက်သော်လည်း ထိုင်သောက်ခွင့်ပေးထားကြသည်။
သို့သော်လည်း ယခုတားမြစ်ချက်သည် နိုင်ငံတကာလေဆိပ်၊ လိုင်စင်လျှောက်ထားသော ဘား၊ ကလပ်နှင့် ဟိုတယ်အချို့ မပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် ယခုဥပဒေအရ သတ်မှတ်ချိန်ကျော်လွန်၍ အရက်ရောင်းချပါက ဆိုင်ရှင်များအပြင် စားသုံးသူများပါ ဒဏ်ငွေပေးဆောင်ရတော့မည်ဖြစ်သည်။
Ref: Bangkok Post, The Thaiger, Thai Enquirer







