BREAKING
October 19, 2025

လွှတ်တော်အမတ်များအတွက် ကားဝယ်မည့်အစီအစဉ် အရှေ့တီမော ပယ်ဖျက်

September 18, 2025

ပုံစာ - 'နိုင်ငံတော်အစိုးရပိုင် ကား' ဟု စာတန်းရေးထားသည့် မော်တော်ယာဉ်တစ်စီးကို ဆန္ဒပြသူများက မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Getty Images

ထောင်နှင့်ချီသည့် ပြည်သူများ၏ လမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြမှု ပေါ်ပေါက်လာပြီးနောက် လွှတ်တော်အမတ်များအား ပရာဒိုကား တစ်ယောက်တစ်စီး ဝယ်ပေးမည့် အစီအစဉ်ကို အရှေ့တီမောအစိုးရက ဖျက်သိမ်းလိုက်သည်။

အမေရိကန်ဒေါ်လာ နှစ်သိန်းဝန်းကျင် အကုန်အကျခံကာ လွှတ်တော်အမတ် ၆၅ ဦးအတွက် ပရာဒိုကား တစ်ယောက်တစ်စီး ဝယ်ပေးမည့် အစီအစဉ်ကို ပြီးခဲ့သည့်နှစ်တွင် အစိုးရဘက်က အတည်ပြုခဲ့သည်။

အင်္ဂါနေ့က ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူများက ကားတာယာများကို မီးရှို့ဆန္ဒပြခဲ့ကြသလို အစိုးရသုံးယာဉ်တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ယင်းနောက် နာရီပိုင်းအကြာတွင် အရှေ့တီမောအစိုးရက အဆိုပါ ကားဝယ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

သို့သော်လည်း ဗုဒ္ဓဟူးနေ့တွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး မြို့တော်ဒီလီတွင် ဆန္ဒပြသူ ၂၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း ဆန္ဒပြသူတစ်ဦးက ဆိုသည်။

ကနဦးတွင် ဆန္ဒပြပွဲများမှာ ကားဝယ်ပေးမည့် အစီအစဉ်ကြောင့် အစပြုခဲ့သော်လည်း နောက်ပိုင်းတွင် အငြိမ်းစားလွှတ်တော်အမတ်များအတွက် ရာသက်ပန် ပင်စင်ခံစားခွင့်ဖျက်သိမ်းရေးကိုပါ တောင်းဆိုလာခဲ့ကြသည်။

ယခုနောက်ဆုံးထွက်ပေါ်လာသည့် အရှေ့တီမောမှ ဆန္ဒပြပွဲများသည် နီပေါမှ အင်ဒိုနီးရှားအထိ တောင်အာရှနိုင်ငံများတွင် လူငယ်များက အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများဖြင့် မတည်မငြိမ်ဖြစ်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Source: BBC ၊ The Jakarta Post