ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ကို ဗုံးကြဲပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထားဝယ်မြို့ကိုရောက်လာ

September 18, 2025

ပုံစာ - အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် တွင် စစ်ခေါင်းဆောင် ထားဝယ်သို့ ပထမအကြိမ်လာစဥ်က ထားဝယ်ဘုရားကြီးအတွင်း တွေ့ရစဥ် ။ photo - cincds.

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့(စက်တင်ဘာ ၁၈)ထားဝယ်မြို့သို့ ရောက်ရှိနေပြီး မြို့အနှံ့လုံခြုံရေး အလွန်တင်းကျပ်ထားကြောင်း မြို့ခံအချို့ထံမှ သိရသည်။

စစ်ခေါင်းဆောင်မှာ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် ထားဝယ်လေဆိပ်သို့ တိုက်ရိုက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဆယ်နာရီကျော်အချိန်‌ မေးမြန်းချက်အရ စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် မြို့တော်ခန်းမဖွင့်ပွဲသို့ တက်ရောက်နေသည်ဟုသိရပြီး ထိုမှတဆင့် ထားဝယ်ဘုရားကြီး(ရွှေတောင်စားစေတီ) သို့သွားမည်ဖြစ်ကာ၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်လည်း သွားရောက်ဖွယ်ရှိကြောင်းသိရသည်။

မြို့ထဲတွင်မူ အဓိကလမ်းမကြီးများ၊ လမ်းဆုံများနှင့် လမ်းသွယ်၊ လမ်းကြားပါမကျန် တစ်မြို့လုံးအနှံ့ လုံခြုံရေးတင်းကျပ်ထားသည့်အပြင် ကမ်းနားလမ်း၊ လေယာဉ်ကွင်းလမ်း၊ ထားဝယ်ဘုရားကြီး(ရွှေတောင်စားစေတီ)သွားလမ်း များကိုလည်း ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားကြောင်း မြို့ခံအချို့က ပြောသည်။

ထားဝယ်မြို့ ဘက်မှ ရေဖြူမြို့ ၊ ကလိန်အောင်၊ကံပေါက်ဘက်သို့ သွားသည့် လမ်းပိုင်းရှိ အိမ်ရှေ့ပြင်ဂိတ်ကိုလည်း ပိတ်ထားကြောင်း ကလိန်အောင်မြို့ နှင့် ကံပေါက် ဒေသတို့မှ ခရီးသည်တင်ယာဥ်မောင်းများ နှင့် ရေဖြူမြို့ခံများ ထံမှသိရသည် ။

” မနက် ၇ နာရီကားတစ်စီးပဲ ပဲ လွတ်တယ် ။ နောက်အလှည့်ကျထွက်မယ့်ကားတွေ မထွက်ရတော့ဘူး ။ လမ်းပိတ်ထားတယ် ” ဟု ကားသမားတစ်ဦး ကပြောသည် ။

စစ်အာဏာရှင်တပ်သား အနည်းငယ်သာတွေ့ရပြီး ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ မီးသတ်တပ်ဖွဲ့ဝင်အများအပြားဖြင့် မြို့တွင်းလုံခြုံရေးချထားကြောင်း မြို့ခံတို့ကပြောဆိုသည်။

“စစ်တပ်က မြို့ပြင်နေရာအနှံ့မှာ စောင့်နေတော့ မြို့ထဲမှာတော့ စစ်သားနည်းနည်းပဲတွေ့ရတယ်။ မီးသတ်တွေ၊ ရဲတွေပဲများတယ်။ မီးသတ်တွေမှာတော့ လက်နက်မပါဘူး။ စစ်သားတွေမှာတော့ အကုန်ပါတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။

ယခင်မြို့တွင်းလမ်းဘေး ဆိုင်ကယ်ရပ်လေ့ရှိသော နေရာများတွင် ယနေ့ရပ်ခွင့်မပေးဘဲ ဆဲဆိုလွှတ်နေကြောင်း အခြားမြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။

“ဒီနေရာမှာ ရပ်လို့မရဘူးထွက်သွားဆိုပြီး ဆဲလွှတ်တာ။ လန့်ပါလန့်တယ်။ ဒီနေ့က တော်တော်လေးကို လုံခြုံရေးတင်းကျပ်ထားတယ်။ လမ်းတိုင်းမှာလည်း သုံးယောက်တစ်စု၊ လေးယောက်တစ်စု နေရာတိုင်းမှာရှိတယ်။ ကားနဲ့လည်းပတ်နေသေးတယ်” ဟု ၎င်းအမျိုးသမီးကဆိုသည်။

ယင်းမှာ ယနေ့ နံနက် ၁၀ နာရီအချိန် ထားဝယ်မြို့တွင်း လုံခြုံရေးတိုးမြှင့်ပြီး အစစ်အဆေးတင်းကျပ်ထားသည့် အခြေအနေဖြစ်သည်။

မင်းအောင်လှိုင်လာမည့်အချိန် ကျောင်းသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ကြိုဆိုဧည့်ခံရေးအတွက် ရုံးမတက်မနေရ ခေါ်ထားကြောင်းလည်းသိရသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထားဝယ်မရောက်ခင် တစ်ရက်အလို စက်တင်ဘာလ ၁၇ ရက်ကမူ စစ်အာဏာရှင်တပ်က Y-12 လေယာဉ်ဖြင့် ထားဝယ်အရှေ့တော၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ယင်းကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးအရပ်သား နှစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် နေအိမ်၊ စားသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများလည်း ပျက်စီးခဲ့သေးသည်။