BREAKING
October 19, 2025

လောင်းလုံး ပန်းတင်အင်းရွာတွင် ရောက်နေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း ပြန်ဆုတ်

August 18, 2025

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိ လူနေအိမ်အချို့၌ ယနေ့ ဩဂုတ်လ ၁၈ရက်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ ယနေ့ညတွင် ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မောင်းမကန်ရဲစခန်းက လာသည့် အဆိုပါစစ်ကြောင်းမှာ ယနေ့ နံနက် ၈ နာရီခန့်တွင် ပန်းတင်အင်းကျေးရွာ မြောက်ပိုင်း လမ်းဆုံအနီးရှိ နေအိမ်နှစ်ဆောင်တွင် သဲအိတ်ဘန်ကာများဖြင့် တပ်စွဲခဲ့ပြီးနောက် ည ၇ နာရီဝန်းကျင်တွင် မောင်းမကန် ရဲစခန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ညတွင်းချင်းပဲ ထွက်သွားတယ်။ အိမ်တွေကို ဝင်ရှာတာ၊ ပစ်တာ ခတ်တာတွေလည်း မလုပ်ခဲ့ဘူး။ ခြေလျင်ပဲ အားလုံးပြန်ထွက်သွားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစစ်ကြောင်းတွင် အင်အား ၇၀ ခန့်ရှိ ပြီး မောင်းမကန်နယ်မြေ ရဲစခန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယင်းစစ်ကြောင်း မဆုတ်ခွာမီ ယနေ့ ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့ပေါ်က လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ရကြောင်း မြို့ခံအချို့က ပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုနှင့် ပတ်သက်၍ Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။