သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာက နေအိမ်အချို့နှင့် ကားတစ်စီးတို့ကို စစ်အာဏာရှင်တပ်ဖွဲ့က ဩဂုတ်လ ၁၇ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
စစ်အာဏာရှင်တပ်သည် ဥတ္တူ၊ ကျောက်လှေကား၊ စော်ဖျားရွာများဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းသုံးကြောင်း ဖြန့်ကျက်ထိုးနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ဩဂုတ်လ ၁၇ရက် နံနက်ပိုင်းတွင် ဥတ္တူရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်အာဏာရှင်တပ်ဖွဲ့က ရွာမြောက်ပိုင်းရှိ နေအိမ် အချို့နှင့် ကားတစ်စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံဆယ်နှင့်ချီကိုလည်း ဖမ်းဆီးထားကြောင်း ၎င်းတို့က ပြောဆိုသည်။
“ရွာထဲကို ဘယ်သူမှ မဝင်ရဲသေးလို့ အိမ်ဘယ်နှစ်လုံးလောင်တယ်ဆိုတာ အတိအကျမသိရသေးဘူး” ဟု ဥတ္တူရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
သို့သော် အမျိုးသားအချို့ ရွာအနီးသို့သွားရောက်ပြီး ကြည့်ရှုရာတွင် နေအိမ်သုံးဆောင်နှင့် ကားတစ်စီးတို့ မီးရှို့ခံထားရသည်ကို လှမ်းမြင်ခဲ့ရသည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။
မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် အရေအတွက်၊ မီးရှို့ဖျက်ဆီးခံရသည့် ကားမှာ မည်သူပိုင်သည့် ကားဖြစ်သည်နှင့် ဖမ်းဆီးခံထားရသူ အရေအတွက် တို့ကို Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ခဲ့ပြီး ဩဂုတ်လ ၁၅ ရက်ကလည်း ဥတ္တူရွာမှ ကျောက်လှေကားရွာသို့ သွားသည့် လမ်းက ရေချောင်းကိုဖြတ်စဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဖြေဆို၍ မရသေးဟုသာ ပြန်လည်တုံ့ပြန်သည်။
လက်ရှိတွင် ဥတ္တူရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ဖွဲ့သည့် ဒေသခံဆယ်နှင့်ချီကို ဖမ်းဆီးထိန်းသိမ်းထားသလို ကျောက်လှေကားရွာမှတစ်ဆင့် စော်ဖျားရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်စစ်ကြောင်းကလည်း ဒေသခံအချို့ကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားလာနေကြောင်း အထက်ပါဒေသခံအမျိုးက ပြောသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရမည်စိုးသဖြင့် ဥတ္တူ၊ ကျောက်လှေကား၊ စော်ဖျားရွာ အပြင် အနီးဝန်းကျင်ကျေးရွာများက ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။