BREAKING
October 19, 2025

လောင်းလုံး၊ ပန်းတင်အင်းရွာက လူနေအိမ်အချို့တွင် စစ်အာဏာရှင်တပ် လာရောက်တပ်စွဲ

August 18, 2025

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိ လူနေအိမ်အချို့တွင် စစ်အာဏာရှင်တပ်သည် ယနေ့ နံနက်ပိုင်းမှစ၍ လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

မောင်းမကန် နယ်မြေရဲစခန်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၇၀ ဝန်းကျင်ပါသည့် ခြေလျင်စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၁၈ရက် နံနက်ပိုင်းကစပြီး ပန်းတင်အင်းကျေးရွာမြောက်ပိုင်းရှိ လူနေအိမ် နှစ်ဆောင်တွင် ကနဦးလာရောက် တပ်စွဲထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာမြောင်ပိုင်းမှာ လမ်းဆုံးတစ်ခုရှိတယ်။ အဲဒီနားက အိမ်နှစ်ဆောင်မှာ နေနေတာ။ အိမ်တစ်ဆောင်မှာဆိုရင် သဲအိတ်ဘန်ကာတွေပါ ဆောက်ထားတာ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်ကလည်း ရေဖြူမြို့နယ် နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်သို့ အင်အားဖြည့်ရန် အင်အားတစ်ရာခန့်ဖြင့် စစ်အာဏာရှင်တပ် လာရောက်ချိန် ပန်းတင်အင်းရွာတွင် တပ်စွဲခဲ့သေးသည်။

ရွာမြောက်ပိုင်းရှိ ကွက်သစ်ရပ်ကွက် စာသင်ကျောင်းအနီးတပ်စွဲထားချိန် တော်လှန်ရေး ပူးပေါင်းတပ်တို့နှင့် ၁၀ နာရီကျော်ကြာကြာ နှစ်ဘက် တိုက်ပွဲ ဖြစ်ခဲ့သည်။

ယင်းတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ခဲ့သလို အရပ်သား နှစ်ဦးလည်း သေဆုံးခဲ့သည်။ ယင်းအပြင် စစ်အာဏာရှင်တပ်က မီးရှို့မှုကြောင့်လည်း လူနေအိမ် ၁၄ ဆောင်မီးလောင်ပျက်စီးခဲ့သည်။

“(အခုလည်း) ရေနက်ဆိပ်ကမ်းကိုပဲ ပြန်သွားမယ့်ပုံရတယ်။ ရွာမှာ ဘယ်လောက် နေဦးမလဲဆိုတာ မသိရသေးတော့ တိုက်ပွဲဖြစ်မှာပဲ စိုးရိမ်နေရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ယခုလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြပြီး ရွာမြောက်ပိုင်း ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် ရွာသူရွာသားအချို့မှာမူ စတင် တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။