ကျွန်းစုမြို့နယ်ရှိကျေးရွာအချို့တွင် စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ကွမ်းသီးရင့်မှည့်သည်အထိ မစောင့်တော့ဘဲ ကွမ်းသီးနုခူးရောင်းသူများလာကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်က တော်လှန်ရေးအားကောင်းသည့် ကျေးရွာများဝန်းကျင်ကို စစ်သင်္ဘောများဖြင့် လှည့်ပတ်သွားလာနေကြပြီး စစ်ဆေးမှုများ ဆက်တိုက်ရှိလာသဖြင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေခြင်းသည်။
ထို့အပြင် ပဲ့တိုင်ရွာ အနီးဝန်းကျင်ရှိ ဝန်တောင်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်နှင့် ပျူစောထီးများက အင်အားဖြည့်တင်းပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ယခုနှစ်မတ်လနှောင်းပိုင်းကတည်းက မကြာခဏစစ်ကြောင်း ထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။
လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး စစ်ရေးအခြေအနေ မငြိမ်မသက်မှုများကြောင့် ယမန်နှစ်ထက် ကွမ်းသီးနု ဈေးကျနေသော်လည်း ရသည့်စျေးဖြင့်ပင် ခူးဆွတ်ရောင်းချနေရကြောင်း ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။
“ဒီနှစ်ကွမ်းသီးနုဈေးက လုံးဝမကောင်းဘူး။ တက်လည်းမတက်လာဘူး။ ကောက်(ခူး)ရောင်းရမှာ နှမြောပေမယ့်လည်း ရွာဘက်တွေမှာ အခြေအနေတွေက သိပ်မအေးဘူး။ဒါကြောင့် ကိုယ့်လက်ထဲကိုယ့်ငွေရှိနေမှ ရမယ်ဆိုပြီး (ငွေ) တစ်ပြားရရ နှစ်ပြားရရ ကောက်ရောင်းနေရတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကွမ်းသီးနု တစ်ပိဿာလျှင် ငွေကျပ် ငါးထောင်ဝန်းကျင်ခန့်သာဈေးရှိပြီး ယမန်နှစ်ကထက် ထက်ဝက်ခန့်ဈေးကျနေကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်နှစ်တွေက ကွမ်းသီးနုဈေးကောင်းပေမယ့် ကောက်ရောင်းတဲ့သူနည်းတယ်။ ဒေသတွင်းအခြေအနေလည်း နည်းနည်းအေးတယ်လေ။အခုကျတော့ အခြေအနေတွေက မကောင်းဘူး ။ဒါကြောင့်ကွမ်းခြံပိုင်ရှင်အားလုံးနီးပါး ကောက်ရောင်းကြတယ်”ဟု မဲတောကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် ငွေကျပ်နှစ်သောင်းကျော်ဖြင့် ကုန်သည်များ လာရောက်ဝယ်ယူနေကြသော်လည်း တောင်သူများက ကွမ်းသီးအခြောက်မထားကြတော့ဘဲ ကွမ်းသီးအနုကိုသာ အဓိကထားခူးရောင်းနေကြသည်ဟု အထက်ပါဒေသခံကဆိုသည်။
ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ကျွန်းစုမြို့နယ်၊ ကျွဲခရံကျွေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ သိမ်တောင်ကုန်းပေါ်တွင် အထိုင်ချထားသည့် ပျူစောထီး အထိုင်စခန်းကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဝင်ရောက်တိုက်ခိုက်ရာ စစ်သင်္ဘောက လက်နက်ကြီးပစ်ကူပေးခဲ့သည်။