ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ ဆူဝေဒါမြို့နှင့် အခြားနေရာအချို့တွင် ဒရူးဇ်လူနည်းစုဝင်များက ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဩဂုတ်လ ၁၆ ရက်တွင် ပထမဆုံးအကြိမ် ဆန္ဒပြတောင်းဆိုကြသည်။
ပြီးခဲ့သည့်လက အဆိုပါဒေသတွင် လူသေဆုံးမှုရှိသည့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် အကြီးမားဆုံး ဆန္ဒပြပွဲလည်း ဖြစ်သည်။
ယင်းမှာ ဒရူးဇ်လူနည်းစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ကြွေးကြော်သံဖြင့် ပထမဆုံးအကြိမ် တောင်းဆိုဆန္ဒပြမှုဖြစ်ကြောင်း ဒေသအခြေစိုက် သတင်းမီဒီယာတစ်ခု၏ အကြီးအကဲတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်လက အဆိုပါဒေသတွင် ဒရူးဇ်လူနည်းစုလက်နက်ကိုင်များနှင့် အခြားလူမျိုးစုလက်နက်ကိုင်များ၊ ဆီးရီးယား အစိုးရတပ်များအကြား ထိတွေ့တိုက်ပွဲများအတွင်း အစ္စရေးက ဒရူးဇ်လူနည်းစုများဘက်က ရပ်တည်စွက်ဖက်ခဲ့သည်။

ယင်းအပေါ် ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် စနေနေ့က ဆန္ဒပြပွဲတွင် ဆန္ဒပြသူအချို့က အစ္စရေးအလံများကို ဝှေ့ယမ်းပါဝင်ခဲ့ကြသည်။
ဒရူးဇ်လူနည်းစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် အစ္စရေးအနေနှင့် ကြားဝင်ဆောင်ရွက်ပေးရန်လည်း ဆန္ဒပြသူအချို့က တောင်းဆိုခဲ့ကြကြောင်း ဗြတိန်အခြေစိုက်လေ့လာရေးအဖွဲ့တစ်ခုက ဆိုသည်။
ဒရူးဇ်လူနည်းစုများ သတ်ဖြတ်ခံရမှုများအတွက် တရားမျှတမှုရရှိရေးကိုလည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြကြောင်း အဆိုပါအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။
စနေနေ့က ဆန္ဒပြပွဲသည် ဆီးရီးယားသမ္မတဟောင်း ဘာရှာအာဆတ် ပြုတ်ကျသွားပြီးကတည်းက လက်ရှိကြားကာလ အစိုးရသစ် လုံးပန်းနေရသည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လူမျိုးရေး၊ ဘာသာရေးအကွဲအပြဲများကို မီးမောင်းထိုးပြနေသည်။
Source: Associated Press