ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ အမှတ် ၂ ကုန်သွယ်ရေးတံတားကို ဖြတ်သန်းပြီး ကုန်တင်ကားများဖြင့် ကုန်စည် တင်သွင်းခွင့်ကို စစ်ကော်မရှင်က ယနေ့ ဩဂုတ်လ ၁၈ ရက်မှစ၍ ပိတ်လိုက်ကြောင်း ထိုင်းသတင်းဌာနနှင့် ကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။
မြန်မာစစ်ကော်မရှင်ဘက်က ထိုင်းနယ်စပ်ဂိတ်ဘက်သို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ယင်းသို့ ပိတ်လိုက်သဖြင့် မဲဆောက်ဘက်တွင် ကုန်ပစ္စည်းတင်ဆောင်ထားသော ကွန်တိန်နာယာဉ်များ ပိတ်မိနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အထူးသဖြင့် မဲဆောက်-မြဝတီ အမှတ် ၂ တံတားမှတစ်ဆင့် ဝင်ရောက်မည့် ကွန်တိန်နာ ကုန်တင်ယာဉ်များအားလုံးကို မြန်မာစစ်ကော်မရှင်ဘက်က ဝင်ခွင့်ပိတ်ထားခြင်းဖြစ်ကြောင်း မဲဆောက်-မြဝတီ ကုန်စည်ပို့ဆောင်နေသူတစ်ဦးက ပြောသည်။
“အဓိက ကွန်တိန်နာတွေ ဝင်လို့မရနေတာ။ အဓိက တရုတ်တို့၊ ဂျပန်တို့ဘက်က တစ်ဆင့်ခံ Transit လုပ်တဲ့ကားတွေ အကုန်လုံး ပေးမဝင်တာ။ တစ်နိုင်တစ်ပိုင်တွေတော့ ပေးဝင်နေတယ်” ဟု ၎င်းက ပြောဆိုသည်။
ယင်းသို ကုန်စည်သယ်ခွင့် ပိတ်ပင်ထားမှုနှင့် ပတ်သက်လို့ မြန်မာစစ်ကောင်မရှင်ဘက်က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို ထိုင်းအစိုးရဘက်ကလည်း သတင်းဌာနများသို့ ဖြေကြားထားခြင်း မရှိသေးပေ။

မြန်မာစစ်ကော်မရှင်သည် ဩဂုတ်လ ၅ ရက်ကတည်းက ကွန်တိန်နာအကြီးများ တင်ဆောင်ထားသည့် ယာဉ်များကို ဖြတ်သန်းခွင့် မပြုဘဲ ပိတ်ထားခဲ့ပြီး လက်ရှိတွင် ကုန်တင်ယာဉ်အားလုံးကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း ကုန်စည်ပို့ဆောင်နေသူ အချို့ထံမှ သိရသည်။
ဩဂုတ်လ ၅ရက်မှစတင်ကာ ဖြတ်သန်းခွင့် ပိတ်ပင်မှုကြောင့် မဲဆောက်ဘက်ခြမ်း နယ်စပ်ဂိတ်တွင်မူ ကွန်တိန်နာ ကုန်တင်ယာဉ် ၅၀၀ ခန့် ပိတ်မိနေကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
လက်ရှိတွင် လူများကို အဓိက ဖြန်သန်းခွင့်ပြုသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတားကိုမူ ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း တံတားအနီးနေ မြန်မာနိုင်ငံသားများထံမှ သိရသည်။
Ref: The Thaiger, Daily News, Matichon Online







