BREAKING
October 17, 2025

ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှစကာ အပိုင်းလိုက်ကျင်းပမည်ဟုထုတ်ပြန်

August 18, 2025

တစ်နိုင်ငံလုံး စစ်မီးတောက်နေချိန်တွင် နိုင်ငံတကာကိုလှည့်စားရန် ရည်ရွယ်လုပ်ဆောင်သော အငြင်းပွားဖွယ် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့မှစကာ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ကော်မရှင်အဖွဲ့၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယနေ့(သြဂုတ် ၁၈) တွင် ကြေညာလိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲကို အပိုင်း ၁ အဖြစ် ကျင်းပမည်ဖြစ်ပြီး နောက်ထပ် အပိုင်းလိုက် ကျင်းပမည့်ရက်များကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ကဆိုသည်။

စစ်ကော်မရှင်က တနင်္သာရီတိုင်း အတွင်းရှိမြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပရန် စီစဥ်ထားပြီး နေရာအနှံ့ကျင်းပနိုင်ခြင်းရှိမရှိကိုမူ မပြောနိုင်သေးကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံမှသိရသည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှာ ထားဝယ်ခရိုင်တွင် မဲဆန္ဒနယ် နှစ်ခု၊ မြိတ်ခရိုင်တွင် မဲဆန္ဒနယ် နှစ်ခု၊ ကော့သောင်းနှင့်ဘုတ်ပြင်းခရိုင်တွင် မဲဆန္ဒနယ်နှစ်ခု စုစုပေါင်း မဲဆန္ဒနယ် ၆ ခု ရှိပြီး မဲအများဆုံးရသူ အနိုင်ရစနစ်ဖြင့် ၆ ဦး တိုင်းကိုယ်စားပြု အချိုးကျစနစ်ဖြင့် ၆ ဦး စုစုပေါင်း ၁၂ ဦး ရွေးချယ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

တိုင်းလွှတ်တော်တွင်မူ မြို့နယ်ဆယ်ခုမှ မဲဆန္ဒနယ် ဆယ်ခုအတွက် မဲအများဆုံးရသူစနစ်ဖြင့် ဆယ်ဦး နှင့် အချိုးကျစနစ်ဖြင့် ဆယ်ဦး စုစုပေါင်း နှစ်ဆယ်ဦးရွေးချယ်မည်ဟုဆိုသည်။

ပြည်သူ့လွှတ်တော်အတွက် တိုင်းအတွင်းရှိ မြို့နယ်ဆယ်ခုမှ မဲဆန္ဒနယ် တစ်ခုစီအတွက် မဲအများဆုံးရသူစနစ်ဖြင့် ဆယ်ဦးရွေးချယ်မည်ဟုဆိုသည်။

တနင်္သာရီတိုင်း တွင် မည်သည့်ပါတီများ ဝင်ရောက်ယှဥ်ပြိုင်မည်ကိုမူ စာရင်းတင်သွင်းကာလ မသတ်မှတ်ရသေးသဖြင့် မသိရသေးကြောင်း စစ်ကော်မရှင်၏ တိုင်းရွေးကောက်ပွဲကော်မရှင် ထံမှသိရသည်။

တနင်္သာရီတိုင်း ရှိ မြို့နယ်အားလုံးတွင်မူ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး တိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေး အင်အားစုများကလည်း စစ်ကော်မရှင် ရွေးကောက်ပွဲ ကိုဆန့်ကျင်သွားမည်ဟု အသီးသီးထုတ်ဖော် ပြောဆိုထားကြသည်။