ပုလောမြို့နယ်၊ အောင်ပူ(အင်ဖုံး)ကျေးရွာအုပ်စုမှ တမိုင်တောင်စခန်းကုန်းကို စစ်အာဏာရှင်တပ်သားများ ဩဂုတ်လ ၁၇ ရက်တွင် စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
တမိုင်တောင်စခန်းကုန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း(၇) တပ်ခွဲ(၅)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA အထူးတပ်ဖွဲ့ ၁ တို့က ရိက္ခာဖြတ်တောက် ပိတ်ဆို့မှုများပြုလုပ်ခဲ့သဖြင့်စခန်းစွန်ခွာသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ဒီစခန်းက အာဏာသိမ်းပြီးမှ တပ်လာစွဲထားတဲ့စခန်းပါ။ ကျွန်တော်တို့ကကြားဖြတ်ပြီးတော့ ပိတ်ဆို့မှုလုပ်တယ်။ ရိက္ခာဖြတ်တောက်မှုလုပ်ထားတဲ့အခါကျတော့သူတို့က ရိက္ခာပို့ဖို့မလွယ်တော့ဘူးပေါ့နော်။ အရင်တုန်းကလည်းပို့တယ် ပို့တဲ့အပေါ်မှာ ကျွန်တော်တို့နဲ့ထိတွေ့မှုမကြာခဏအမြဲဖြစ်တာပေါ့နော်။ ကျွန်တော်တို့လည်း မကြာခဏချောင်းပစ်တယ်ဆိုတော့ သူတို့လည်း ဆုတ်ခွာတာပေါ့” ဟု KNDO တပ်ခွဲ ၅ တပ်ခွဲမှူး စောဗဟုက ပြောသည်။
အဆိုပါစခန်းတွင် ခလရ ၂၈၅ တပ်ရင်းက စစ်အာရှင်တပ်သား ၃၀ ခန့်ရှိပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ တတိယအပတ်တွင် စခန်းစွန့်ခွာသွားသည့် ပုလောကုန်းစခန်းနှင့် ၁ မိုင်ခန့်အကွာတွင်တည်ရှိသည်ဟု ပုလောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဲ့ဒီစခန်းက KNU ထိန်းချုပ်နယ်မြေအစပ်မှာရှိတယ်။ အဲ့ဒီစခန်းကုန်းတစ်ခုပဲ အဲ့နားမှာရှိတယ်။ KNDO နဲ့ KNLA တပ်တွေ အချိန်မရွေးတိုက်ခိုက်သိမ်းယူလို့ရတဲ့ အနေအထားမှာရှိတယ်။ သူတို့ကို ရိက္ခာဖြတ်ထားတော့ စခန်းစွန့်သွားတာ” ဟုလည်း အထက်ပါ တပ်ဖွဲ့ဝင်က ဆိုသည်။
ပုလောမြို့အနီးက ပလမြို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိနေသည်။