BREAKING
December 3, 2025

ယမ်းနံ့သင်းနေသော ထိုင်းဓာတ်ငွေ့ပိုက်လိုင်းထိပ် နတ်အိမ်တောင်စခန်း

July 18, 2025

ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံး နယ်စပ် လက်ကျန်စစ်စခန်းဖြစ်သည့် နတ်အိမ်တောင် အနီးဝန်းကျင်တွင် စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေကို ရောက်နေသည်။

ထားဝယ်ခရိုင်ရှိ နယ်စပ်စခန်းအားလုံးကို KNU နှင့် PDF ပူးပေါင်းတပ်များက တောက်လျှောက်တိုက်ခိုက် သိမ်းပိုက်လာရာ လက်ရှိတွင် နတ်အိမ်တောင်စခန်းသာကျန်တော့သည်။

စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ပမာဏအများအပြား ရှာဖွေပေးနေသည့် ဇောတိက၊ ရတနာနှင့် ရဲတံခွန် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေများကို ကံပေါက်ဒေသသို့ ပို့ဆောင်ပြီး ယင်းမှတစ်ဆင့် ထားဝယ်မြစ်လက်တက် တစ်ခုဖြစ်သော ဇင်းဘာချောင်းတစ်လျှောက် ထိုင်းမြန်မာနယ်စပ် နတ်အိမ်တောင်မှတစ်ဆင့် ထိုင်းသို့ ပို့ဆောင်နေခြင်းဖြစ်သည်။

ယင်းသဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် သွယ်တန်းပို့ဆောင်ခြင်းဖြစ်ပြီး ဓာတ်ငွေ့တိုင်းတာရေး စခန်းရှိသည့် နတ်အိမ်တောင်တွင် စစ်ကောင်စီတပ် စခန်းနှစ်ခုရှိသည်။

ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ် တည်ဆောက်ထားသည့် စစ်ကောင်စီစခန်းတစ်ခုနှင့် အဆိုပါစခန်းမှ မျဉ်းဖြောင့်တိုင်းပါက ၂၈၂၈ မီတာ(၁ ဒသမ ၇၅ မိုင်)ကွာဝေးသည့်နေရာတွင် စစ်စခန်းတစ်ခုတို့ဖြစ်သည်။

နတ်အိမ်တောင်နှင့် မနီးမဝေးရှိ သုခစခန်းအပါအဝင် ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ နယ်စပ်စစ်စခန်းအားလုံးကို KNU နှင့် PDF တပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။

ထိုကြောင့်လည်း နောက်ဆုံးကျန်ရှိသည့် နတ်အိမ်တောင်စခန်းကို ဆက်လက်တိုက်ခိုက်မည်ကို စစ်ကောင်စီက တွက်ဆထားပုံရပြီး ကာကွယ်နိုင်ရေး လုပ်ဆောင်နေဖွယ်ရှိသည်။

ဇောတိကပိုက်လိုင်း စီမံကိန်းဝန်ထမ်းတစ်ဦး၏အဆိုအရ နယ်စပ်မျဉ်းနှင့်ဝေးသည့် တပ်စခန်းမှ စစ်ကောင်စီတပ်သားများက နယ်စပ်မျဉ်းပေါ်ရှိ စစ်စခန်းကို ပြောင်းရွှေ့နေကြသည်ဟု ဆိုသည်။

“အောက်ကလူ (နယ်စပ်မျဉ်းနှင့်ဝေးသည့်တပ်စခန်းမှ စစ်ကောင်စီ စစ်သား) တွေက အပေါ်မှာ တက်နေနေတယ်လို့ကြားတယ်” ဟု အဆိုပါစီမံကိန်းဝန်ထမ်းက ဇူလိုင်လ ၁၄ ရက်နေ့က ပြောသည်။

KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း အဆိုပါစစ်စခန်းနှစ်ခုစလုံးတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိနိုင်သည်ဟု ဆိုသည်။

လက်ရှိတွင် နတ်အိမ်တောင်စခန်းကို စစ်ရေးဖော်ဆောင်နေပြီး အသေးစိတ်အခြေအနေ ပြောဆို၍မရသေးကြောင်း ၎င်းကပြောသည်။

“စစ်ရေးအစီအစဉ် ဖော်ဆောင်နေတာတော့ သေချာတယ်”ဟု ပဒိုစောအယ်နားက ဆိုသည်။

လက်ရှိတွင် စစ်ရေးတင်းမာနေသည့်အတွက် နတ်အိမ်ထောင်စခန်းအနီးရှိ ဓာတ်ငွေ့တိုင်းတာရေးစခန်းတွင် စီမံကိန်း ဝန်ထမ်းလျှော့ချထားကြောင်း အထက်ပါ စီမံကိန်းဝန်ထမ်းက ပြောသည်။

နတ်အိမ်တောင်စခန်းအနီးဝန်းကျင်တွင် စစ်ရေးတင်းမာနေချိန် စစ်ကောင်စီက အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းနှင့် နတ်အိမ်တောင်ကြားရှိ ဂက်စ်ပိုက်လိုင်းလမ်းတွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဇူလိုင်လ ၁၄ ရက် ညနေ ၆ နာရီတွင်လည်း ရေဖြူမြို့နယ် ခလရ ၂၈၂ အနီးက မှိုသုံးပွင့်နေရာတွင် KNU လက်အောက်ခံ KNLA ၊ PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ် စစ်ကြောင်းတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါလမ်းမှာ အာဏာမသိမ်းမီကတည်းက သာမန်အားဖြင့် ပြည်သူများဖြတ်သန်းခွင့်မရှိဘဲ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများသာ ဖြတ်သန်းခွင့်ရှိသည့် ကန့်သတ်လမ်းလည်းဖြစ်သည်။

အင်အားဖြည့်ရန်လာသည့် စစ်ကြောင်းတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နှင့် အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ တပ်ရင်း ၅ ရင်းက နောက်ချန်အင်အားများ ပါဝင်နေသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်း၏ တပ်ခွဲမှူး ဗိုလ်မှူးအောင်ကိုဟိန်း အပါအဝင် လေးဦးသေဆုံးကာ သေနတ်နှစ်လက် သိမ်းဆည်းရမိကြောင်း KNUက ဇူလိုင်လ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

နတ်အိမ်တောင်စခန်းနှင့် အမြောက်ကုန်းလှုပ်ရှားတပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်ကြီးဇော်ဇော်အောင်လည်း ကရင်အမျိုးသား အစည်းအရုံး-KNU တပ်မဟာ (၄)၊ တပ်ရင်း (၁၀) ထံ ဘက်ပြောင်း ခိုလှုံကြောင်း ဇူလိုင်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုအခြေအနေများကြောင့် စစ်ကောင်စီက နတ်အိမ်တောင်စခန်းကို ကာကွယ်ရန် နောက်ချန်တပ်သားများဖြင့် လုပ်ဆောင်နေခြင်းဖြစ်ဖွယ်ရှိသည်။

နယ်စပ်မျဉ်းပေါ်ရှိ စစ်ကောင်စီစခန်းမှာ ခရီးသွားများနှင့် စည်ကားလေ့ရှိသည့် ထိုင်းနိုင်ငံ Pilok Mine နှင့် နီးကပ်စွာတည်ရှိနေသလို ဓာတ်ငွေ့တိုင်းတာရေးစခန်းနှင့်လည်း ကပ်လျက်တည်ရှိသည်။ ယင်းအပြင် ထိုင်းနိုင်ငံနယ်နမိတ်အတွင်း ရောက်နေသည့် အနေအထားဖြစ်နေသည်။ တိမ်ခိုးများနှင့် လှပသော ဓာတ်ငွေ့ပိုက်လိုင်းထိပ်ရှိ နတ်အိမ်တောင်ရွာကလေးမှာ ယမ်းနံ့သင်းနေသော သမိုင်း အလှည့်အပြောင်းတစ်ခုကို စောင့်ကြိုနေသည်။

“အောက်မှာက (တိုက်ပွဲ) ဖြစ်ဖို့က လွယ်တယ် ။ အပေါ်မှာက နယ်စပ်စခန်းပါ။ နယ်စပ်မှာ တိုက်ပွဲ ဖြစ်ဖို့တော့ အသံမကြားရသေးဘူး”ဟု အထက်ပါစီမံကိန်းဝန်ထမ်းက ပြောသည်။