မြိတ်မြို့တွင် လုယက်မှု၊ လူသတ်မှုများ ဆက်တိုက်ဖြစ်ပွားလာနေ၍ မြို့ခံများ ညဘက်အပြင်မထွက်ရဲကြသဖြင့် ညဈေးရောင်းသူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်က မြိတ်မြို့ တည်းခိုခန်းမန်နေဂျာနှင့် ကျောင်းဆရာတို့ လုယက်သတ်ဖြတ်ခံရသည့်အပြင် ညဘက် လူပြတ်သည့်နေရာများတွင် လုယက်မှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။
“အစ်မတို့ဆိုင်က အရင်ကဆိုရင် ည ၉ ခွဲလောက်အထိ ဧည့်သည်တွေလာကြတယ်။ ဒီလုယက်မှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း ၇ ခွဲလောက်ဆို ပြန်ကြပြီ။ ရုံးသမားတွေ အလုပ်ပြန်ချိန် ညဘက်လာကြတယ်။ အခုဆို သူတို့ညဘက် မလာရဲကြတော့ဘူးဆိုတော့ ရောင်းအားကျသွားတယ်။ ဆိုင်ရောင်းအားရဲ့ ၃ ပုံ ၁ ပုံလောက်ကျသွားတယ်” ဟု မြိတ်မြို့ပေါ် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မြိတ်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး ညဘက်စည်ကားနေလေ့ရှိသော ကမ်းနားလမ်းဘက်တွင်လည်း ည ၈ နာရီနောက်ပိုင်း လူသွားလူလာ ကျဲသွားသည့်အတွက် စျေးစောစောသိမ်းလိုက်ရကြောင်း ကမ်းနားလမ်းတွင် အစားအသောက် ရောင်းချနေသည့် အမျိုးသားတစ်ဦးကပြောသည်။
“ဒါ(လုယက်သတ်ဖြတ်မှု)တွေမတိုင်ခင် ၉ နာရီကျော်လောက်အထိတော့ ရောင်းတယ်။ အခုဆို ကျွန်တော်က ၈ နာရီခွဲလောက်အထိ ရောင်းချင်ပေမယ့် ၈ နာရီလောက်နဲ့ ဆိုင်သိမ်းလိုက်ရတယ်။ လူတွေအပြင်သိပ်မထွက်ရဲကြတော့ ရောင်းအားကျတယ်” ဟု ၄င်းက ပြောသည်။
လုယက်လူသတ်မှုဖြစ်ပွားခဲ့သည့် အဝေးပြေးကားဝင်းသစ်၊ ကလွင်စသည့် မြို့အစွန်ရပ် ကွက်များကို ယခင် ည ၉ နာရီခွဲ ဝန်းကျင်အထိ အစားအသောက်ပို့ပေးသော်လည်း လတ်တလောတွင်မူ ညနေ ၆ နာရီနောက်ပိုင်း မပို့ပေးဖြစ်တော့ကြောင်း အစားအသောက်ပို့သည့် အလုပ်လုပ်နေသူ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
“ကြောက်တော့ကြောက်တယ် ယောင်္ကျားလေးဆိုပေမယ့် နည်းနည်းသတိ ထားပြီးသွားနေရတာပေါ့။ လူပြတ်တဲ့နေရာတွေဆို ဒီလမ်းကပဲဆက်သွားရမလား။ တခြားလမ်းက ကွေ့ပြီးသွားလိုက်ရမလား အဲလို ဇဝေဇဝါဖြစ်တယ်” ဟု ၎င်းကပြောသည်။
မြိတ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ညက လှသီရိ ၂ တည်းခိုခန်းတွင် မန်နေဂျာဖြစ်သူ ကိုမြတ်ထွေး လုယက်သတ်ဖြတ်ခံခဲ့ရသည်။
ယင်းအပြင် ဇူလိုင်လ ၇ ရက်တွင်လည်း ဆိုင်ကယ်ဖြင့် ဖုန်းလုယက်ပြီး ဓါးဖြင့်ထိုးခံရ၍ ပုဂ္ဂလိကကျောင်းဆရာတစ်ဦး သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဥ် ဖြစ်ပွားပြီးနောက်ပိုင်းလည်း အုပ်စုဖွဲ့ လုယက်မှုဆက်တိုက်ရှိလာခဲ့ပြီး လုယက်မှု ကျူးလွန်သူအများစုမှာ လူ ၅ ယောက်ခန့်ဖြင့် တုတ်၊ ဓါး သည့် လက်နက်များကိုင်ဆောင်ထားလေ့ရှိကြောင်း ကိုယ်တိုင်လုယက်ခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါအုပ်စုသည် ဆိုင်ကယ်ဖြင့် တစ်ဦးတည်းလာသူများကို အဓိကပစ်မှတ်ထား လုယက်ကြောင်းလည်း ၎င်းကဆက်လက်ပြောဆိုသည်။
အခြား လူယက်ခံရသူတစ်ချို့ကလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ(Facebook)ပေါ်တွင် အလားတူ ရေးသားမျှဝေထားကြသည်။
မြိတ်မြို့ပေါ်ရှိ လမ်းချို့တွင် လမ်းမီးပြတ်တောက်နေခြင်းက လုယက်မှုဖြစ်စေရန် တွန်းအားပေးသကဲ့သို့ဖြစ်နေပြီး အရေးယူပေးမည့်သူ မရှိခြင်းကလည်း လုယက်မှုများ ပိုဖြစ်လာစေဟု မြို့ခံများကဆိုသည်။
အန္တရာယ် ခုခံကာကွယ်ရန် ပစ္စည်းတစ်ခုခုဆောင်သွားရန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့နှင့်တိုးပါက လက်နက်ကိုင်ဆောင်သည်ဟုဆိုကာ ဖမ်းဆီးခံရမည်ကို စိုးရိန်နေရပြန်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။