ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်းစကီး၏ အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှုတွင် ယူလီယာဆီပရင်ဒင်မှာ ယူကရိန်းသမိုင်းတစ်လျှောက် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသည်။
ယင်းမှာ ၁၅ နှစ်ကျော်ကာလအတွင်း ယူကရိန်းတွင် အမျိုးသမီးဝန်ကြီးချုပ်တစ်ဦး ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။
အသက် ၃၉ နှစ်အရွယ် ယူလီယာဆီပရင်ဒင်ကိုသည် ယခင်အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ယင်းရာထူးတာဝန်များကြောင့် သူမသည် သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရနှင့် အနီးကပ် ထိတွေ့ဆက်ဆံခဲ့ရသည်။
ယခင်ဝန်ကြီးချုပ် ဒန်းနစ်ရှမီဟားသည် ၂၀၂၀ ခုနှစ်ကတည်းက ဝန်ကြီးချုပ်တာဝန်ယူလာခဲ့သူ ဖြစ်ပြီး လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာနကို တာဝန်ယူဦးစီးသွားမည် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများဖြင့် လုံးပန်းနေရသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။
ယူလီယာဆီပရင်ဒင်ကိုအား ဝန်ကြီးချုပ်သစ်အဖြစ် ကြာသပတေးနေ့က ယူကရိန်းလွှတ်တော်တွင် အတည်ပြုခဲ့သည်။
ယူလီယာဆူပရင်ဒင်ကိုသည် ယခုနှစ် အစောပိုင်းတွင် အမေရိကန်နှင့် ယူကရိန်းအကြား အင်မတန်အရေးပါသည့် သတ္တုထုတ်လုပ်ရေး သဘောတူညီချက်ရရှိအောင် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့မှုကြောင့် အသိအမှတ်ပြု ချီးကျူးခံခဲ့ရသူ ဖြစ်သည်။
အဆိုပါ သဘောတူညီချက်ကြောင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးတို့အကြား ဆက်ဆံရေး အေးစက်နေရာမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ယူကရိန်း၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှု တိုးချဲ့ရေးနှင့် ယူကရိန်းစစ်တပ် အင်အားကြီးထွားရေးကို အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူလီယာဆူပရင်ဒင်ကိုက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သည်။
“စစ်ရေး ၊ စီးပွားရေး ၊ လူမှုရေးအရ မိမိကိုယ်ပိုင်အုတ်မြစ်တွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့ ယူကရိန်းနိုင်ငံဖြစ်အောင် ကျွန်မတို့ရဲ့ အစိုးရက လမ်းကြောင်းချကြိုးစားနေပါတယ်” ဟု သူမက ပြောသည်။
“ယူကရိန်းနိုင်ငံသားတွေ နေ့စဉ်ဘဝမှာ ခံစားရမယ့် စစ်မှန်တဲ့ အပြုသဘောဆောင် ရလဒ်တွေ ဖန်တီးဖို့က ကျွန်မရဲ့ အဓိကပန်းတိုင်ပါပဲ။ စစ်ပွဲက ကျွန်မတို့ကို နှောင့်နှေးလေးကန်နေခွင့် မပေးဘူး။ ကျွန်မတို့ဟာ လျှင်လျှင်မြန်မြန်နဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ်” ဟု သူမက ဆိုသည်။
SOURCE: AL JAZEERA