လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းလက်အောက်ရှိ တပ်ခွဲတစ်ခုက တပ်ဖွဲ့ဝင်တစ်ဦးတို့သည် အမျိုးသမီးနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် ဖမ်းဆီးခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ထားကြောင်း စုံစမ်းသိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းတို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ အဖွဲ့များဖြစ်သည်။
လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာရှိ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အိမ်ထောင်ရှင် အသက် ၄၀ ကျော် အရွယ်အမျိုးသားသည် အသက် ၂၄နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဇွန်လ ၆ ရက်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း အမျိုးသမီး၏ မိသားစုထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းအောက်ရှိ ချေမှုန်ရေးတပ်ခွဲ ၇ (လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့) က အသက် ၅၀ ကျော်အရွယ် တပ်ဖွဲ့ဝင်တစ်ဦးသည်လည်း အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအပေါ် ဇူလိုင်လ ၁၅ ရက်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း မိန်းကလေး၏ မိသားစုဝင်များက ပြောသည်။
လောင်းလုံး ပအဖ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူသည် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်သူ၏ အိမ်ခြံထဲဝင်ရောက်ပြီး ပခုံးဖက်ခြင်းး၊ တင်းပါးအား လက်ဖြင့်ပုတ်ခြင်း၊ အိမ်ထဲသို့ဆွဲသွင်းခြင်းတို့ ကျူးလွန်ခဲ့ကြောင်း ကာယကံရှင်အမျိုးသမီးက ပြောဆိုသည်။
ယင်းအမှုတွင် ကျူးလွန်သူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ် ၅၀၉ အရ တရားစွဲစစ်ဆေးပြီး ထောင်ဒဏ်သုံးလအစား လောင်းလုံးမြို့နယ်မှ သုံးလထွက်ခွာစေရန် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နယ်နှင် အရေးယူခဲ့ကြောင်း စုံစမ်းသိရသည်။
ယင်းအပြင် ထိုအမျိုးသားအား ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်မှ လည်းရပ်စဲခဲ့သည်။
ကာယကံရှင်အမျိုးသမီးကမူ ယင်းအမှုသည် တရားမျှတမှုမရှိဘဲ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ဘယ်ပုဒ်မ တပ်လိုက်မှန်းလည်း မသိရဘူး။ အမိန့်ချလိုက်တာလည်း မသိရဘူး။ သူတို့ဘာသာ ပုဒ်မတပ်၊ အမိန့်ချပြီးမှ ကျွန်မတို့ကို လာအကြောင်းကြားတာ” ဟု ၎င်းက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်အောက်ရှိ ချေမှုန်းရေးတပ်ခွဲ ၇ (လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့) က တပ်သားသည် အသက် ၁၆ နှစ်အရွယ် မိန်းကလေးအား အလိုမတူဘဲ မုဒိမ်းငါးကြိမ်းကျင့်ခဲ့ကြောင်း နစ်နာသူ ကာယကံရှင် အမျိုးသမီးနှင့် မိသားစုဝင်တို့က ပြောဆိုသည်။
“မုန့်ဝယ်ကျွေးမယ်၊ အလယ်လိုက်ပို့မယ်လို့ပြောပြီး ဆိုင်ကယ်နဲ့လာခေါ်တာ။ ပြီးတာနဲ့ ရော်ဘာတောတွေထဲ လျှောက်ခေါ်သွားပြီး အဲဒီမှာဖြစ်တာ” ဟု မိန်းကလေး၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
ယင်းတော်လှန်ရေးတပ်သားကိုလည်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက် ညနေပိုင်းတွင် စစ်ဆေးရန် လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။
လတ်တလောတွင် ယင်းအမှုနှင့်ပတ်သတ်ပြီး နှစ်ဖက်ကာယကံရှင်တို့အား ဆက်လက်စစ်ဆေးရန် တာဝန်ရှိသူတို့က လုပ်ဆောင်နေကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။
လောင်းလုံးမြို့နယ်တွင် ယခင်ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန် မှုများ၊ မုဒိမ်းမှုများလည်းဖြစ်ပွားခဲ့ဖူးပြီး ယင်းတို့အထဲမှာ အမှုနှစ်ခုကို Dawei Watch က ထုတ်ဖော်ရေးသား ခဲ့ဖူးသည်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အပြစ်ပေးအရေးယူမှုအပိုင်း အားနည်းချက်၊ လိုအပ်ချက်များစွာ ရှိနေသဖြင့် တရားမျှတမှုရရန် ခက်ခဲကြောင်း နစ်နာသူအမျိုးသမီးများက Dawei Watch သို့ ထုတ်ဖော်ပြောဆိုထားကြသည်။







