စင်ကာပူ အကျဉ်းဦးစီးဌာန (SPS) က စင်ကာပူနိုင်ငံအနေနဲ့ ကမ္ဘာ့ပထမဆုံး ရေပေါ်ထောင်ကို စတင်ဖွင့်လှစ်လိုက်နိုင်ပြီဆိုတဲ့ အွန်လိုင်းသတင်းတွေက သတင်းမှားတွေလို့ စင်ကာပူ အကျဉ်းဦးစီးဌာန (SPS)ကို အတည်ပြုပြီး The Straits Time သတင်းဌာနက ဖော်ပြပါတယ်။
ဒီလို ကောလာဟလတွေဟာ လူမှုကွန်ရက် မီဒီယာတွေထက်မှာ ရက်ပေါင်းများစွာ ပျံ့နှံ့လာပြီးတဲ့နောက် စင်ကာပူ အကျဉ်းဦးစီးဌာန (SPS) က အခုလိုဖြေရှင်းလိုက်တာဖြစ်ပါတယ်။
ကောလာဟလ Post တွေထဲမှာ စင်ကာပူကမ်းရိုးတန်းကနေ မီတာ ၅၀၀ အကွာ ပင်လယ်ပြင်ထဲမှာရှိတဲ့ အဆောက်အအုံတစ်ခုကို ရေပေါ်အကျဉ်းထောင်အဖြစ် အသေးစိတ် ရေးသားဖော်ပြထားပြီး နိုင်ငံရဲ့ လူဦးရေထူထပ်မှုနဲ့ မြေနေရာအခက်အခဲတွေကို ဖြေရှင်းပေးနိုင်စေဖို့အတွက် စင်ကာပူအစိုးရက အခုလို စီမံလိုက်တာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့က အင်စတာဂရမ် လူမှုကွန်ရက်မှာ တင်လိုက်တဲ့ Post တစ်ခုမှာဆိုရင် အဲ့ဒီအဆောက်အအုံကို “မြို့ပြအကျဉ်းချမှုရဲ့ အနာဂတ်” လို့တောင် မြှောက်စားရေးသားထားပြီး Like ပေါင်း ၇,၀၀၀ ကျော် ရရှိခဲ့ပါတယ်။
နောက်ထပ် Post တစ်ခုမှာတော့ အဲ့ဒီအဆောက်အအုံဟာ “AI (ဉာဏ်ရည်တု) စောင့်ကြည့်မှုစနစ်၊ ဇီဝဆိုင်ရာ လုံခြုံရေး၊ စက်ရုပ်လှည့်ကင်းတွေနဲ့ တပ်ဆင်ထားပြီး သမားရိုးကျ ထောင်တံခါးတွေ မပါဘဲ ဒစ်ဂျစ်တယ် နယ်နိမိတ်တွေနဲ့သာ ကန့်သတ်ထားတယ်” လို့ ဖော်ပြထားပါတယ်။ အကျဉ်းသား ၂,၀၀၀ ကျော် ဆံ့နိုင်တယ်လို့လည်း အဲ့ဒီ Post မှာ ရေးသားထားပါသေးတယ်။
ဇူလိုင်လ ၁၅ ရက်နေ့က စတင်မျှဝေခဲ့တဲ့ ဒီပို့စ်မှာ အတုအယောင် အဆောက်အအုံကို လေထဲကနေ ရိုက်ထားတဲ့ ပုံတစ်ပုံလည်း ပါဝင်ပြီး Like ပေါင်း ၉,၀၀၀ ကျော် ရရှိခဲ့ပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ စင်ကာပူ အကျဉ်းဦးစီးဌာန (SPS) က ဒီလိုပို့စ်တွေ အွန်လိုင်းမှာ ပျံ့နှံ့နေတာကို သိရှိထားကြောင်း ပြောကြားခဲ့ပြီး “ဒါတွေဟာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဒီလိုမျိုး ဆွေးနွေးမှုတွေ၊ အစီအစဉ်တွေ မရှိသလို လိုအပ်ချက်လည်း မရှိပါဘူး” လို့ SPS က ရှင်းပြသွားခဲ့ပါတယ်။
“ပြည်သူလူထုအနေနဲ့ သတင်းအမှားတွေ မဖြန့်ဝေကြဖို့နဲ့ ဒီလိုအလိမ်အညာ ကောလာဟလတွေရဲ့ သားကောင် မဖြစ်ကြဖို့ တိုက်တွန်းလိုပါတယ်။ တရားဝင်အချက်အလက်တွေကို စင်ကာပူ အကျဉ်းဦးစီးဌာန (SPS) ရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေကိုမှာပဲ ကြည့်ရှုကြပါ” လို့လည်း စင်ကာပူ အကျဉ်းဦးစီးဌာန (SPS) က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
Source – The Straits Time