နိုင်ငံခြားတိုင်းပြည်များမှ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ တရားမျှတမှုရှိမရှိ ၊ ဂုဏ်သိက္ခာရှိမရှိ မှတ်ချက်ပေးပြောဆိုခြင်းမပြုရန် ကမ္ဘာအနှံ့ရှိ အမေရိကန်သံတမန်များအားလုံးကို အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက တားမြစ်လိုက်သည်။
ယင်းသို့ တားမြစ်သည့် အမိန့်စာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကမ္ဘာအနှံ့မှ အမေရိကန်သံရုံးများနှင့် ဌာနများထံ ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးပို့လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းမှာ ပြည်ပတိုင်းပြည်များတွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ထွန်းရေးကို အားပေးထောက်ခံလေ့ရှိသည့် အမေရိကန်အစိုးရ၏ အစဉ်အလာ ချဉ်းကပ်မှုမှ သိသာထင်ရှားစွာ သွေဖည်သွားခြင်း ဖြစ်ကြောင်း ရိုက်တာက ဖော်ပြသည်။
အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားနှင့် ဆက်စပ်မှုမရှိလျှင် ပြည်ပရွေးကောက်ပွဲများနှင့် ပတ်သက်၍ ပြောဆိုချက်များ မပြုလုပ်ရန် ၊ လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ရေးသားချက်များ မပြုလုပ်ရန် အဆိုပါ အမိန့်စာတွင် တားမြစ်ထားသည်။
“နိုင်ငံခြားရွေးကောက်ပွဲတစ်ခုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ သင့်တော်ရင် ကျွန်တော်တို့ရဲ့ သတင်းစကားဟာ တိုတောင်းပြီးတော့ ရွေးကောက်ပွဲအနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းကို ချီးကျူးဂုဏ်ပြုတာမျိုးဖြစ်ဖို့ပဲ အာရုံစိုက်ရမယ်။ မှတ်ချက်ပေးဖို့ သင့်တော်ရင် ကျွန်တော်တို့ သူတို့အကြားက ဘုံတူညီတဲ့ နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားတွေကို ထည့်သွင်းပြောဆိုတာမျိုးပဲ ဖြစ်သင့်တယ်” ဟု အဆိုပါ ညွှန်ကြားချက်အမိန့်စာတွင် ဖော်ပြထားသည်။
အဆိုပါ အမိန့်စာသည် ထိလွယ်ရှလွယ်ရှိသော်လည်း လျှို့ဝှက်အမိန့်စာ မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။
“ရွေးကောက်ပွဲဖြစ်စဉ်ဟာ မျှတမှုရှိမရှိ ၊ ဂုဏ်သိက္ခာရှိမရှိ ဆိုတာတွေအပေါ် မှတ်ချက်ပေးတာမျိုးတွေ ကျွန်တော်တို့ရဲ့ သတင်းစကားမှာ ရှောင်ရှားရမယ်။ သက်ဆိုင်ရာတိုင်းပြည်ရဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးတာမျိုးတွေ ရှောင်ရှားရမယ်” ဟု မာကိုရူဘီယို၏ အမိန့်စာထဲတွင် ဖော်ပြထားသည်။
ပြည်ပရွေးကောက်ပွဲများနှင့် ပတ်သက်သည့် မှတ်ချက်ပေးပြောဆိုမှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ကသာ ပြုလုပ်ခွင့်ရှိကြောင်း အဆိုပါ အမိန့်စာထဲတွင် ဖော်ပြထားသည်။
အမေရိကန်သံအမတ်များအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိများ၏ ခွင့်ပြုချက်မပါဘဲ ပြည်ပရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ထုတ်ဖော်ပြောကြားချက်များ ပြုလုပ်ခွင့်မရှိဟုလည်း ပိတ်ပင်ထားသည်။
မေလ ၁၃ ရက်နေ့က ဆော်ဒီနိုင်ငံ ၊ Riyadh မြို့တွင် ပြောကြားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းကိုလည်း အဆိုပါ အမိန့်စာထဲတွင် ရည်ညွှန်းဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် ပြည်တွင်းရေးကိစ္စရပ်များတွင် မည်သို့စီမံအုပ်ချုပ်သင့်ကြောင်း အနောက်နိုင်ငံများ၏ ပြောဆိုနေမှုများကို ယင်းမိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်က ဝေဖန်ထားသည်။
အဆိုပါ မိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်က အနောက်နိုင်ငံများကို “ကြားဝင်စွက်ဖက်ရေးသမားများ”ဟု ဝေဖန်ပြောဆိုခဲ့သည်။
ယင်းအပြုအမူမျိုးကို အမေရိကန်အစိုးရက ဆက်လုပ်တော့မည် မဟုတ်ကြောင်း ၊ အမေရိကန်အနေဖြင့် မိတ်ဘက်နိုင်ငံများပေါ်ပေါက်ရေးသာ ကြိုးစားနေကြောင်း မာကိုရူဘီယို၏ ညွှန်ကြားချက်အမိန့်စာထဲတွင် ဖော်ပြထားသည်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်ဒီမိုကရက်တစ် စံတန်ဖိုးတွေကို ခိုင်ခိုင်မာမာ ဆက်လက်ကိုင်စွဲထားမယ်။ အခြားနိုင်ငံတွေက မိမိတို့နဲ့ အလားတူလမ်းကြောင်းတစ်ခု ရွေးချယ်လာရင်လည်း ဒီစံတန်ဖိုးတွေအပေါ် ဂုဏ်ယူအောင်ပွဲခံနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိရဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားနဲ့ ကိုက်ညီရင် ဘယ်နိုင်ငံနဲ့မဆို အမေရိကန်ပြည်ထောင်စုက မိတ်ဘက်ဆက်ဆံရေး တည်ဆောက်သွားမှာဖြစ်တယ်ဆိုတာကို သမ္မတကြီးက ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသား ဖြစ်တယ်” ဟု အဆိုပါ အမိန့်စာတွင် ရေးသားထားသည်။
အဆိုပါ ချဉ်းကပ်မှုသည် အမေရိကန်၏ အမျိုးသားအချုပ်အခြာအာဏာအပေါ် အလေးအနက်ထားမှုနှင့် ကိုက်ညီသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
Source: Reuters