ထားဝယ်မြို့ရှိ အာယုဒါနအရေးပေါ် အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့တွင် အာဆီဂျင်ထုတ်လုပ်ပေးသည့် စက်တစ်လုံးမှာ ချွတ်ယွင်းသွားသည့်အတွက် အောက်ဆီဂျင်ထုတ်လုပ်မှု ယာယီရပ်နားရမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။
ထားဝယ်ခရိုင်အတွင်းရှိ လူနာများအတွက် အောက်ဆီဂျင် နေ့စဉ်ထုတ်လုပ်ပေးနေသည့် စက်တစ်လုံးမှာ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ချွတ်ယွင်းသွားသည်ဟု ယင်းအဖွဲ့ကဆိုသည်။
ရန်ကုန်မြို့သို့သွားရောက်၍ စက်အပိုပစ္စည်းများ ဝယ်ပြီးပြင်ဆင်ရမည်ဖြစ်၍ ထားဝယ်ခရိုင်အတွင်း အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးမှုကို ဇူလိုင်လ ၁၈ ရက်နေ့ မှ ၂၃ ရက်နေ့အထိ ရပ်နားထားရမည်ဖြစ်ကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့- ထားဝယ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“အခုက နေ့စဉ် အောင်ဆီဂျင်ထုတ်ပေး နေတဲ့ စက်ကြီးပျက်သွားတာ ဒီနေ့မနက်ပဲ ရန်ကုန်မြို့ကို ပစ္စည်းဝယ်ဖို့ လူလွတ်လိုက်ပြီ” ဟု အထက်ပါအဖွဲ့တာဝန်ရှိသူကပြောသည်။
အာယုဒါန အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့-ထားဝယ် ၏ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံတွင် ယခင်ကစက်နှစ်လုံးဖြင့် လည်ပတ်ပြီး အောက်ဆီဂျင် နေ့စဉ်ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းအချိန်က စက်တစ်လုံးပျက်လျှင် နောက်တစ်လုံးဖြင့် အောင်ဆီဂျင်ပြတ်လတ်မှု မရှိစေရန် အစားထိုး လည်ပတ်ပေးနိုင်သော်လည်း ထိုစက်နှစ်လုံးအနက် စက်ငယ်တစ်လုံးမှာ အပိုပစ္စည်း ရှားပါပြီး ဝယ်ရခက်ခြင်းကြောင့် ချွတ်ယွင်းနေသည်မှာ ကြာပြီဖြစ်၍ စက်ကြီးဖြင့်သာ နေ့စဉ်ထုတ်လုပ် ပေးနေရကြောင်း ယင်းအဖွဲ့ထံမှသိရသည်။
ထို့ကြောင့် စက်ရုံတွင် အောက်ဆီဂျင် ထုတ်လုပ်ပေးသည့် စက်တစ်လုံး ထပ်မံလိုအပ်နေကြောင်း လည်းယင်းအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
“အခုက စက်ပျက်ရင် နောက်တစ်လုံးမရှိတော့ အစားမထိုးနိုင်ဘူး နောက်ထပ်စက်တစ်လုံး လိုအပ်နေပါပြီ အဲဒါမှ အလှည့်ကျထုတ်လို့ရမယ်”ဟု ယင်းတာဝန်ရှိသူကပြောသည်။
စက်ပျက်သွားသဖြင့် လက်ရှိအဖွဲ့ရုံးတွင် ၄၀ လီတာ အောက်ဆီဂျင်အိုးကြီး ၂၀ ကျော်ခန့်သာ ရှိပြီး စက်ပြင်နေသည့် ကာလအတွင်း လုံလောက်မှူမရှိပါက ရန်ကုန်၊မော်လမြိုင်မြို့များမှ တစ်ဆင့် မှာယူရမည်ဖြစ်ကြောင်း သိရသည်။
အာယုဒါန အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့သည် ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ၊ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့များနှင့် အောက်ဆီဂျင်လိုအပ်သည့် အိမ်တွင်းလူနာများကို အောက်ဆီဂျင် အခမဲ့ လှူဒါန်းပေးနေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။