ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကလေးမီးဖွားခွင့် ရက် ၁၂၀ အထိ ခံစားခွင့်ပြုရန် ထိုင်းအောက်လွှတ်တော် အတည်ပြု

July 18, 2025

ထိုင်းနိုင်ငံတွင် ကလေးမီးဖွားခွင့်အတွက် အမျိုးသမီးအလုပ်သမားများကို ခွင့် ၁၂၀ ရက်အထိ ခံစားခွင့်ပြုမည့် ဥပဒေမူကြမ်းတစ်ရပ်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထို့အပြင် ကလေးထိန်းရန် ဖခင်ဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးသားကိုလည်း ခွင့်ရက် ၁၅ ရက် ခံစားခွင့်ပြုရန် အတည်ပြုထားသည်။

ကလေးမီးဖွားခွင့်ရက်များ တိုးမြှင့်သတ်မှတ်ရေးအပါအဝင် အလုပ်သမား ဥပဒေမူကြမ်းကို ဇူလိုင်လ ၁၆ ရက်နေ့က အောက်လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီးနောက် ထောက်ခံမဲ ၄၁၆ မဲဖြင့် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။

မီးဖွားခွင့်ရက်ကို မိခင်များက ယခင်က ခွင့်ရက် ၉၈ ရက်ခံစားခွင့်ရရှိနေပြီး ယခုအတည်ပြုလိုက်သော ဥပဒေအသစ်အရ ခွင့်ရက်ကို ၁၂၀ ရက်အထိ ခံစားခွင့် ရရှိလာမည်ဖြစ်သည်။

ထို့အပြင် ယောက်ျားဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက်များအနေဖြင့်လည်း ၎င်းတို့၏ အမျိုးသမီး မီးဖွားချိန် ကူညီပေးရန် ခွင့်ရက် ၁၅ ရက် ခံစားခွင့်ရရှိမည်ဖြစ်သည်။

အမျိုးသမီးမွေးဖွားချိန် ကူညီရန်အတွက် ခွင့်ရက် ၁၅ ရက် ယူထားသူများကို အလုပ်ရှင်ဘက်က လစာအပြည့် ပေးချေရမည်ဖြစ်ကြောင်း ဥပဒေအသစ်တွင် သတ်မှတ်ထားသည်။

မီးဖွားခွင့်ယူသော အမျိုးသမီးများက လုပ်အားခ ၅၀ ရာခိုင်နှုန်းအထိ ခံစားခွင့် ရရှိမည်ဖြစ်သည်။

မီးဖွားခွင့် ဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီးနောက် အထက်လွှတ်တော်သို့ ထပ်မံတင်သွင်း အတည်ပြုပြီးမှသာ ဥပဒေအသက်ဝင်လာမည်ဖြစ်ကြောင်း ဖော်ပြသည်။

ယခုဥပဒေအသစ်သည် ထိုင်းနိုင်ငံ၏ အမျိုးသမီး အလုပ်သမားများအတွက် အခွင့်အရေးပိုမို ရရှိလာမည်သာမက အမျိုးသားအလုပ်သမားများအတွက်လည်း ကလေးပြုစုစောင့်ရှောက်ခွင့် ထပ်မံရရှိလာမည်ဖြစ်သည်။

Ref: Khaosod English, Prachatai, Thai PBS