ယူကေအစိုးရ၏ မဲပေးပိုင်ခွင့် အသက်အရွယ်လျှော့ချမည့် အစီအစဉ်အရ နိုင်ငံအနှံ့ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၆ နှစ်နှင့် အသက် ၁၇ နှစ် လူငယ်များပါ မဲပေးခွင့်ရှိလာတော့မည် ဖြစ်သည်။
ယင်းမှာ ယူကေအစိုးရ၏ ရွေးကောက်ပွဲဥပဒေမူကြမ်းသစ်နှင့်အတူ စတင်မိတ်ဆက်ခဲ့သည့် အပြောင်းအလဲများစွာထဲမှ တစ်ခု ဖြစ်သည်။
ယင်းအပြောင်းအလဲများစွာထဲတွင် မဲဆန္ဒရှင်မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြရာ၌ ယူကေဘဏ်ကတ်များကို အသုံးပြုခွင့်၊ မဲဆန္ဒရှင်အဖြစ် စက်ဖြင့် အလိုအလျောက် မှတ်ပုံတင်သည့်စနစ်၊ ရွေးကောက်ပွဲတွင် ပြည်ပကြားဝင်စွက်ဖက်မှုမှ ကာကွယ်ရန် နိုင်ငံရေးအရ ငွေကြေးထောက်ပံ့လှူဒါန်းများအပေါ် စည်းကမ်းပိုမိုတင်းကျပ်လာခြင်းတို့လည်း ပါဝင်သည်။
စကော့တလန်နှင့် ဝေးလ်ပြည်နယ်မှ ဒေသန္တရကောင်စီရွေးကောက်ပွဲများ၊ ဝေးလ်လွှတ်တော်နှင့် စကော့တလန်လွှတ်တော် ရွေးကောက်ပွဲများတွင် အသက် ၁၆ နှစ်အရွယ် လူငယ်များကို ယခင်ကတည်းက မဲပေးခွင့်ပြုထားခဲ့ပြီး ဖြစ်သည်။
ယူကေလွှတ်တော်ရွေးကောက်ပွဲ၊ အင်္ဂလန်နှင့် မြောက်အိုင်ယာလန်မှ ဒေသန္တရရွေးကောက်ပွဲများတွင်မူ ယခင်က အသက် ၁၈ နှစ် ပြည့်မှသာ မဲပေးခွင့် ပြုခဲ့သည်။
ယခုနောက်ဆုံးထွက်ပေါ်လာသည့် ယူကေအစိုးရ၏ အစီအစဉ်သစ်အရ တစ်နိုင်ငံလုံးတွင် အသက် ၁၆ နှစ်မှစ၍ စတင်မဲပေးခွင့် ရလာပြီ ဖြစ်သည်။
ယင်းမှာ ၁၉၆၉ ခုနှစ်တွင် မဲပေးခွင့်အသက်အရွယ်ကို ၂၁ နှစ်မှ ၁၈ နှစ်အထိ လျှော့ချလိုက်ပြီးကတည်းက အကြီးမားဆုံး အပြောင်းအလဲ ဖြစ်လာမည် ဖြစ်သည်။
မဲပေးခွင့်အသက်အရွယ်ကို အသက် ၁၆ နှစ်အထိ လျှော့ချရေးသည် လေဘာပါတီ၏ ရွေးကောက်ပွဲကတိကဝတ်များထဲမှ တစ်ခုဖြစ်သည်။
အဆိုပါ အပြောင်းအလဲသည် ၂၀၂၉ ခုနှစ် နောက်ဆုံးထားပြီး အသက်ဝင်လာမည် ဖြစ်ကာ ယင်းထက် ပိုမိုစောစီးစွာ အသက်ဝင်လာနိုင်ခြေလည်း ရှိသည်။
လူငယ်မဲဆန္ဒရှင်များသည် လက်ဝဲယိမ်းပါတီများကို မဲပေးမှုပိုများပြားလေ့ရှိသည့်အတွက် ယင်းအပြောင်းအလဲသည် လက်ရှိအာဏာရ လေဘာပါတီအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု ဝေဖန်သူများက စွပ်စွဲသည်။
အဆိုပါ စွပ်စွဲမှုများကို လေဘာပါတီဦးဆောင်သည့် ယူကေအစိုးရက ငြင်းဆန်ထားသည်။
ယူကေနိုင်ငံတွင် အသက် ၁၆ နှစ်နှင့်အထက် လူဦးရေ၏ ၃ ရာခိုင်နှုန်းသည်သာ အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ်တွင် ရှိပြီး လူငယ်မဲဆန္ဒရှင်များ၏ မဲပေးမှုနှုန်းမှာ နိမ့်ပါးသောကြောင့် ယင်းအပြောင်းအလဲက သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ကြောင်း သုတေသီများက ဆိုသည်။
Source: BBC