တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဇူလိုင်လ ၁၆ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးများကြဲချတိုက်ခိုက်ကြောင်း KNLA တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“စောစောဘက် တစ်ချီလာပျံသွားပြီး နေ့လယ်မှ လာကြဲတယ်။ ဆီအုန်းခြံထဲကျတဲ့ တစ်လုံးကွဲပြီး ကျန်တာတွေ မကွဲဘူး” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီလေယာဉ်ဖြင့် ကြဲချသည့် ဗုံးများအနက် တစ်လုံးပေါက်ကွဲပြီး ဗုံးအချို့မှာ မပေါက်ကွဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုကြသည်။ ကြဲချသည့် ဗုံးအရေအတွက်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲပြီးနောက် သိန်ခွန်းရွာဝန်းကျင်ရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို ပွိုင့်ဖိုက်စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သလို မြေပြင်တပ်ကလည်း လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
“လေယာဉ်နဲ့ ပစ်ပြီးနောက် သိန်ခွန်းကနေ ၁၂၀မမ (လက်နက်ကြီး) လှမ်းပစ်တယ်။ ရဲဘော်တွေတော့ ထိခိုက်တာမရှိဘူး” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်က မောတောင်နယ်စပ်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေသည်မှာ ၇ လ ပြည့်လာသော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာဝန်းကျင်တွင်သာ ရှိနေသည်။