BREAKING
November 18, 2025

တနင်္သာရီ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်ရင်းအနီး တိုက်ပွဲဖြစ်

June 18, 2025

ပုံစာ - ညောင်ပင်ကွင်းရွာအတွင်းတစ်နေရာ။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းအနီးတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်သားများကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ခမရ ၅၆၁ တပ်ရင်းအနီးဝန်းကျင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဇွန်လ ၁၆ ရက် ညနေ ၆နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ရာက မိနစ် ၄၀ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘက်က အရင်သွားပစ်တယ်။ သူတို့ဘက် (စစ်ကောင်စီတပ်) က ပတ်ပတ်လည်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်” ဟု ၎င်းက ဆိုသည်။

ခမရ ၅၆၁ တပ်ရင်း ပတ်ပတ်လည်တွင် အင်အားဖြည့်တင်းကာ နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညောင်ပင်ကွင်းရွာသို့ ရောက်ရှိနေသည့် တော်လှန်ရေးတပ်ပေါင်းစုက တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

“သူတို့က (ခမရ) ၅၆၁တပ်ထဲကို ပထမရက် (မေလ ၁၂ရက်) မှာ (စစ်ကောင်စီတပ်ဖွဲ့ဝင်) တစ်ရာလောက်လာပြီး ကျန်ရက်တွေမှာ နည်းနည်းစီ (ထပ်) ဝင်လာတယ်။ တပ်ရဲ့ ပတ်ပတ်လည်ကို နေရာယူပြီးနေနေကြတယ်”ဟု အထက်ပါ ရဲဘော်က ပြောသည်။

ခမရ ၅၆၁ တပ်ရင်းသည် စစ်ကောင်စီ၏ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းဖြစ်သည်။

နှစ်ဖက် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာအနည်းငယ်ရပြီး စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောသည်။

ဇွန်လ ၁၄ ရက်တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာနှင့် ထုံမခါရွာသားများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဒေသခံများမှာ ယင်းအချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် တိုက်ပွဲဖြစ်ပွားစဉ် အရပ်သား ထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။