BREAKING
June 18, 2025

ပေထုန်တန်နှင့် ဟွန်ဆန်အကြား ဖုန်းခေါ်ဆိုမှုအသံဖိုင် ပေါက်ကြား၊ နှစ်နိုင်ငံတင်းမာမှု မြင့်တက်

June 18, 2025

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့အကြား မကြာသေးမီက ဖုန်းခေါ်ဆိုဆွေးနွေးထားသည့် အသံဖိုင်တစ်ခု ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ပေါက်ကြားလာသည်။

ယင်းကြောင်း ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအစိုးရအကြား လက်ရှိတင်းမာမှု ပိုမိုဆိုးရွားလာသည်ဟု သတင်းများက ဖော်ပြနေသည်။

လက်ရှိတွင် ထိုင်းနှင့် ကမ္ဘောဒီးယား အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ နယ်စပ်အငြင်းပွားမှု ပြဿနာကြောင့် ဆယ်နှစ်အတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေသည်။

ယင်းနယ်စပ်ပြဿနာကြောင့် နှစ်နိုင်ငံစလုံးတွင် အမျိုးသားရေးစိတ်ဓာတ်လွန်ကဲသည့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုမှုများ မြင့်တက်နေပြီး အငြင်းပွားနယ်စပ်သို့ နှစ်နိုင်ငံစလုံးက စစ်အင်အားတိုးချဲ့စေလွှတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ယင်းကြောင့် စစ်ရေးအရ ထိပ်တိုက်ပဋိပက္ခဖြစ်ပေါ်လာမည့်အရေး စိုးရိမ်မှုများလည်း မြင့်တက်လာနေသည်။

ပေါက်ကြားလာခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က အဆိုပါ ဖုန်းခေါ်ဆိုမှုမှာ မှန်ကန်ကြောင်း ဟွန်ဆန်နှင့် ပေထုန်တန်နှစ်ယောက်စလုံးက အတည်ပြုသည်။

ယင်းဖုန်းခေါ်ဆိုမှုအတွင်း ထိုင်းဝန်ကြီးချုပ်ပေထုန်တန်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်အား “ဦးလေး”ဟု ခေါ်ဆိုခဲ့ကာ သူမတွင် ပြည်တွင်းနိုင်ငံရေးဖိအားနှင့် ရင်ဆိုင်နေရကြောင်း ပြောဆိုခဲ့သည်။

နယ်စပ်အရေးကို လက်ရှိကိုင်တွယ်နေသည့် လူသိများထင်ရှားသည့် ထိုင်းဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် သူမနှင့် သဘောထားမတူသည့် အုပ်စုဘက်က ပြောသည့်စကားကို နားမယောင်ဖို့ ဟွန်ဆန်အား ပေထုန်တန်က တိုက်တွန်းခဲ့သည်။

အဆိုပါ ထိုင်းဗိုလ်ချုပ်ကြီးအား ရည်ညွှန်းကာ ပေထုန်တန်က

“သူက အရေးပါတဲ့ ပုံစံပဲ ဖမ်းချင်နေတာ၊ ပြီးတော့ နိုင်ငံအတွက် အကျိုးမရှိတာတွေကိုပဲ ပြောနေတာ ဒါပေမဲ့ တကယ်တမ်းမှာ ကျွန်မတို့ လိုချင်တာက ငြိမ်းချမ်းရေးပဲလေ”ဟု ပြောခဲ့သည်ကို ပေါက်ကြားလာသည့် အသံဖိုင်တွင် တွေ့ရသည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုအတွင်း ပြောခဲ့သည့်စကားများမှာ ဆွေးနွေးညှိနှိုင်းမှုဗျူဟာတစ်ခုသာ ဖြစ်ကြောင်း၊ သူမနှင့် ထိုင်းစစ်တပ်အကြား မည်သည့်ပြဿနာမျှမရှိကြောင်း ပေထုန်တန်က နောက်ပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျွန်မ သူ(ဟွန်ဆန်)နဲ့ နောက်ထပ် သီးသန့် စကားပြောတော့မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုပြဿနာရှိလို့ပဲ” ဟု ပေထုန်တန်က ဆိုသည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုအသံဖိုင်ပေါက်ကြားလာခြင်းသည် ဟွန်ဆန်က သူ ပြန်လည်မျှဝေခဲ့သည့် နိုင်ငံရေးသမား အယောက် ၈၀ ထဲက တစ်ယောက်ယောက်ထံမှ ပေါက်ကြားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

Source: Reuters