BREAKING
October 20, 2025

ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက ဒုတိယအကြီးဆုံးပါတီ နုတ်ထွက်၊ ထိုင်းနိုင်ငံရေးအပြောင်းအလဲဖြစ်လာဖွယ်ရှိ

June 18, 2025

ထိုင်းနိုင်ငံ၏ အာဏာရ ဖွေထိုင်းပါတီဦးဆောင်ထားသော ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက အဓိက ပါတီတစ်ခုဖြစ်သည့် Bhumjaithai ပါတီ မနက်ဖြန် ဇွန်လ ၁၉ ရက်မှစ၍ နုတ်ထွက်သည်ဟု ကြေညာလိုက်သည်။

ဇွန်လ ၁၉ ရက်တွင် Bhumjaithai ပါတီဘက်က တာဝန်ယူထားသော ဝန်ကြီးနေရာများအတွက် နုတ်ထွက်သွားမည် ဖြစ်သဖြင့် ထိုင်းနိုင်ငံရေးထဲတွင် အပြောင်းအလဲများ ဖြစ်လာတော့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်း ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ရရှိရေး ကြိုးပမ်းခဲ့သဖြင့် ဆေးခြောက်ပါတီဟု လူသိများသော Bhumjaithai ပါတီသည် ပြီးခဲ့သော ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၆၉ နေရာအနိုင်ရရှိထားပြီး ညွန့်ပေါင်းအစိုးရထဲတွင် ဒုတိယအကြီးဆုံး ပါတီ ဖြစ်သည်။

အာဏာရဖွေထိုင်းပါတီက ၁၄၂ နေရာရရှိထားပြီး Bhumjaithai ပါတီ အပါအဝင် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့၍ လွှတ်တော်အမတ်နေရာ ၂၆၁ နေရာရယူထားခြင်းဖြစ်သည်။

ထို့ကြောင့် ရွေးကောက်ပွဲအနိုင်ရရှိထားသော ပြည်သူ့ပါတီ (ယခင် Move Forward ပါတီဝင်များ) ၏ အမတ်နေရာ ၂၃၀ ကျော်ကို ကျော်လွန်၍ လွှတ်တော်ထဲတွင် အာဏာရယူထားခြင်းဖြစ်သည်။

ယနေ့ ဇွန်လ ၁၈ ရက်တွင် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့နှစ်ဦး ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာခဲ့ပြီးနောက် Bhumjaithai ပါတီက ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့က နုတ်ထွက်ရန် ကြေညာလာခြင်းဖြစ်သည်။

ယင်းပြောဆိုမှုများအတွက်လည်း ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ပြည်သူနှင့် တပ်မတော်အတွက် တာဝန်ယူပေးရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

လက်ရှိတွင် ထိုင်းနှင့် ကမ္ဘောဒီးယား အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ နယ်စပ်အငြင်းပွားမှု ပြဿနာကြောင့် တင်းမာမှု အဆိုးရွားဆုံးဖြစ်နေခြင်းဖြစ်သည်။

ပါတီအနေဖြင့် ထိုင်းအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်နေသော စစ်တပ်နှင့် အာဏာပိုင်များကို ပြည်သူများနှင့်အတူ ပံ့ပိုးသွားမည်ဖြစ်ပြီး ကြေညာချက်တွင် ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးမှုတစ်ခုသာဖြစ်ပြီး ထိုင်းအချုပ်အခြာအာဏာကိုလည်း ကာကွယ်သွားမည်ဖြစ်ကြောင်း ခုခံပြောဆိုထားသည်။

Ref: Nation Thailand, Bangkok Post