ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ယခုနှစ် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ သေဆုံးသူကလေး ၇ ဦးအထိရှိလာပြီဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူများ အပါအဝင်မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။
ထားဝယ်ဆေးရုံကြီး၌ ဇွန်လ ၁၇ ရက်နေ့ ည တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက် ၈ နှစ်အရွယ်ရှိ ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူအချို့ထံမှ သိရသည်။
အဆိုပါ ကလေးငယ်မှာ ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်၊ ဆေးရုံနောက်လမ်းတွင် နေထိုင်သူဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့၌ စဖျားကြောင်း၊ ဇွန်လ ၁၇ ရက်ညနေ ၆ နာရီခန့်တွင် ကိုယ်အပူချိန်လွန်ပြီး တက်သွား၍ ဆေးရုံပို့လိုက်ရာ ည ၁၀ နာရီခန့်တွင် သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။
“သူအစ်ကိုက အရင်ဖြစ်ပြီး ကောင်းသွားပြီးမှ သူက နောက်မှဖျားတာ ၊ကလေးကဒုတိယတန်းပဲ ရှိသေးတယ် ၊ကျောင်းသွား ကျောင်းလာပါပဲ”ဟု ၎င်းကပြောသည်။
ထားဝယ်ခရိုင်တွင် ဧပြီလ နှောင်းပိုင်းမှစ၍ သွေးလွန်တုပ်ကွေးစတင်ဖြစ်ပွားနေပြီး မိုးရာသီစတင်သည် မေလတွင် သွေလွန်တုပ်ကွေးကြောင့် ကလေး ၃ဦးနှင့် ဇွန်လ ဆန်းပိုင်းတွင် ၄ ဦးသေဆုံးခဲ့ရသည်။
သေဆုံးသည့် ကလေးများမှာ အသက် ၅ နှစ်မှစ၍ ၁၀ ကျော်သက်အရွယ်ရှိ ကလေးများဖြစ်သည် ။
ယခုလက်ရှိ ထားဝယ်မြို့ပေါ်ရှိပြည်သူဆေးရုံ၊ပုဂ္ဂလိကဆေးရုံများတွင် လူနာများအတွက် သွေးလိုအပ်မှု အခြေအနေမှာ မြင့်မားလျက်ရှိပြီး ရှာပေးနိုင်သည့် ပမာဏမှာ ကျဆင်းလျက်ရှိခြင်း ကြောင့် သွေးအလှူ ကုသိုလ်ပြုပါဝင်ပေးကြရန်လည်း သွေးလှူရှင်အသင်းအချို့က ပြောကြားသည်။
“လူနာတွေအတွက် အသင်းတစ်သင်းကို တစ်နေ့ သွေးဆယ်လုံးလောက်လိုတယ်။ တစ်နေ့ကို ရှာပေးနိုင်တာက လေးလုံးလောက်ပဲရတယ်။ သွေးလှူပေးကြဖို့လည်း အများကြီးလိုအပ်နေတယ် သွေးလွန်တုပ်ကွေးလူနာအတွက်ရှာပေးရတာလည်း နေတိုင်းပါပဲ”ဟု ထားဝယ်မြို့ရှိ သွေးအလှူရှင်အသင်းတစ်သင်း၏ တာဝန်ရှိသူက တိုက်တွန်းပြောကြားသည်။
ယင်းအပြင် ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံးများတွင်လည်း လသားအရွယ်မှစ၍ သက်ကြီးပိုင်းအမျိုးသား၊ အမျိုးသမီးများသည်လည်း သွေးလွန်တုပ် ကွေးဖြစ်ပွားလျက်ရှိသည်။