ရွှေရောင် Trump Card ဟု ခေါ်သော အမေရိကန်ဗီဇာသစ်ကို လူပေါင်ငး ၇၀,၀၀၀ နီးပါးက လျှောက်ထားပြီး ဖြစ်ကြောင်း The Financial Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းမှာ နိုင်ငံခြားသားများအနေဖြင့် ဒေါ်လာ ၅ သန်း ပေးချေကာ အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရမည့် ဗီဇာအစီအစဉ်သစ် ဖြစ်သည်။ ယင်းဗီဇာအစီအစဉ်သစ်ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။
ပြီးခဲ့သည့်အပတ်တွင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက trumpcard.gov ဆိုသည့် ဝက်ဘ်ဆိုဒ်သစ်တစ်ခုကို လွှင့်တင်လိုက်သည်။ နိုင်ငံခြားသားများအနေဖြင့် မိမိနာမည် ၊ email ၊ နေရပ်တိုင်းပြည် စသည့် အခြေခံကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်းကာ Trump Card ဟု ခေါ်သည့် ယင်းဗီဇာသစ်ကို လျှောက်ထားနိုင်သည်။
ယင်းဝက်ဘ်ဆိုဒ်တွင် ဒေါ်နယ်ထရမ့်၏ မျက်နှာနှင့် လက်မှတ်ကို ဖော်ပြထားသည့် Trump Card ဗီဇာကို ဖော်ပြထားသည်။ ယင်းဗီဇာကတ်ပြားပေါ်တွင် အမေရိကန်အလံ ၊ လေဘာတီရုပ်တုနှင့် လင်းယုန်ပုံကိုလည်း တွေ့ရသည်။
ယင်းဝက်ဘ်ဆိုဒ်တွင် Trump Card ဗီဇာလျှောက်ထားရန်စောင့်ဆိုင်းနေသူ ၆၇,၆၉၇ ဦး ရှိကြောင်း Lutnick က ဇွန် ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ နောက်ထပ်တစ်နာရီအကြာတွင် ယင်းအရေအတွက်မှာ ၆၈,၇၀၃ အထိ မြင့်တက်သွားခဲ့သည်။
“ဒီဗီဇာကတ်ကို ရွှေနဲ့ လုပ်ထားမှာပါ။ ကြည့်လို့လှမှာပါ” ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Lutnick က ဆိုသည်။
“ဒေါ်နယ်ထရမ့်က ဒီလိုဟာမျိုးတွေကို ကြိုက်တယ်” ဟု ၎င်းက ပြောသည်။
“ဒီအရာ ဘယ်လိုပုံစံမျိုး ရှိမလဲဆိုတာ သူ ဂရုစိုက်တယ်။ အမေရိကမှာ နေထိုင်ဖို့ ဒီလို ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် ကျွန်တော်တို့ကလည်း ခင်ဗျားကို လှပတဲ့ အရာတစ်ခု ပေးရမယ်လို့ သူက ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ဗီဇာသစ်စိတ်ကူးမှာ ထရမ့်၏ ရွေးကောက်ပွဲကမ်ပိန်းအလှူရှင် ဘီလျံနာ John Paulson ထံမှ ရလာသည်ဟု Lutnick က ပြောသည်။
ရည်ရွယ်ချက်မှာ အမေရိကန်အစိုးရအတွက် ဝင်ငွေပိုရစေပြီး အမေရိကန်၏ ပြည်ပကြွေးမြီ ၃၆ ထရီလီယံကို လျှော့ချနိုင်ရန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
Source: The Financial Times